နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ‌တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား စစ်ဆေး၊  နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှု အားပေး

 

နေပြည်တော်၊ ဩဂုတ် ၂၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နယ်မြေတည်ငြိမ် အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးသည်။

 

ဦးစွာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမတွင် တိုင်းမှူးဗိုလ်မှူးချုပ် ကျော်ကိုထိုက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း လုံခြုံရေးတာဝန်များ ဆောင်ရွက်လျက်ရှိမှု၊ EAO အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ဆောင်နေမှု အခြေအနေများနှင့် အပြစ်မဲ့ပြည်သူများအား အကြမ်းဖက် သတ်ဖြတ်နေမှုအခြေအနေများ၊ အများပြည်သူသွားလာလျက်ရှိသည့် ဆက်သွယ်ရေး လမ်းကြောင်းများ၊ တံတားများ၊ မီးရထားလမ်းများနှင့် ဆက်သွယ်ရေးတာဝါတိုင်များအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးမှုအခြေအနေများ၊ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံရေးအတွက် နယ်မြေ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နေရန်လိုကြောင်း၊ ပြည်သူ့စစ်များ၊ စစ်မှုထမ်းဟောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေလုံခြုံတည်ငြိမ်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရာတွင် ရေရှည်အတွက် ထည့်သွင်း စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်များ တိုးတက်စေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်သည့် သတင်းများ စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်ရန်လိုအပ်မှုနှင့် အခြား နယ်မြေဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

mdn

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးနန်းမြို့အတွင်းရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့်  နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကား ပြောကြားကာ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးနှင့် အဖွဲ့ဝင်များသည်လည်း ဆေးရုံအမျိုးသမီးကုသဆောင်၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား လိုက်လံကြည့်ရှုအားပေးစကား ပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များအား မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်