ပြန်လည်သင်ကြားခြင်းများကို ဆောင်ရွက်ရမည့်သူများဖြစ်သဖြင့် စာပေ အသိပညာဗဟုသုတများ ဖတ်ရှုလေ့လာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရ မည်ဖြစ်ပြီး မိမိတို့တာဝန်ကျရာပတ်ဝန်းကျင်ကို ပညာအလင်းရောင်နှင့် လမ်းကြောင်းမှန် ဖော်ဆောင်ပေးနိုင်ရမည်

 

နေပြည်တော်၊ ဩဂုတ် ၂၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မန္တလေးပညာရေး ဒီဂရီကောလိပ်သို့  သွားရောက်၍  နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ မန္တလေးပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးကြည်နှင့် ဆရာ၊ ဆရာမများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် ကောလိပ်ရှိ ပညာတန်ဆောင် စုပေါင်းခန်းမ၌ နည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံရာ  ကျောင်းအုပ်ဆရာမကြီးဒေါ်မိုးမိုးကြည် က မန္တလေးပညာရေးဒီဂရီ ကောလိပ်ဆိုင်ရာအချက်အလက်များ၊ ပညာသင်ကြားပေးနေမှု အခြေအနေများနှင့် ပညာရေးဆိုင်ရာ အဆောက်အဦလိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားရာတွင် ယခုကဲ့သို့ မန္တလေးပညာရေး ဒီဂရီ ကောလိပ်မှ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုအရ မိမိတို့နိုင်ငံ၏ ပညာရေးအားနည်းချက်များကို တွေ့မြင်ရကြောင်း၊ အဆိုပါ အားနည်းချက်များကို ပြုပြင်ပြောင်းလဲပြီး လူသားအရင်းအမြစ်ကောင်းများဖြင့် နိုင်ငံတော်ကို တည်ဆောက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ပညာရေးကို မဖြစ်မနေအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝမှသာလျင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

 

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

 

ကောလိပ်မှနည်းပြ ဆရာ၊ ဆရာမများ၊ သင်ကြားရေး ဝန်ထမ်းများဖြစ်လာမည့် သင်တန်းသား၊ သင်တန်းသူများကို နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် နိုင်ငံတော်၏ ပညာရေး ကဏ္ဍတို့နှင့် ပတ်သက်၍ အနည်းငယ်ပြောကြားလိုကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန်အတွက် ၂၀၁၁ ခုနှစ်မှစတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရွေးကောက်ခံအစိုးရများနှင့် လက်တွဲ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ခံအစိုးရများ အနေဖြင့် နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ရသည့် အချို့ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်၍ ရသည်များရှိသကဲ့သို့ အချို့ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန် အခက်အခဲများရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားချိန်၌ တပ်မတော်အနေဖြင့် အဆိုပါအချိန်တွင် တာဝန်ယူထားသည့် အစိုးရအား ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အကြံပြုခဲ့သော်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်းမရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပေါ်လာခဲ့သည့် အချိန်တွင် အစိုးရအနေဖြင့် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် အခက်အခဲများ ရှိခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားခြင်းကြောင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါအချိန်သည် ရွေးကောက်ပွဲ ပြုလုပ်ရမည့်အချိန်ဖြစ်သဖြင့် ခေတ္တဆိုင်းငံ့ထားရန် တပ်မတော်အနေဖြင့် အကြံပြုခဲ့သော်လည်း အစိုးရမှလက်မခံဘဲ ဆက်လက်ပြုလုပ်ခဲ့ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုကို အကြောင်းပြု၍ အဆိုပါအချိန်တွင် တာဝန်ယူထားသည့် အစိုးရအနေဖြင့် ၎င်းတို့ပါတီ အနိုင်ရရှိစေရေး ကြိုတင်မဲပေးရာတွင်လည်းကောင်း၊ မဲစာရင်းပြုစုရာတွင်လည်းကောင်း မဲမသမာမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ရွေးကောက်ပွဲပြီးဆုံး၍ မဲစာရင်းများထုတ်ပြန်ခဲ့ချိန်တွင် မဲစာရင်းများ ကြီးမားစွာကွာဟမှုများဖြစ်ပေါ်နေသည့်အတွက် နိုင်ငံရေးပါတီများက တပ်မတော်မှ စိစစ်ပေးနိုင်ရေး တောင်းဆိုမှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ကျွမ်းကျင်ပညာရှင်များဖြင့် မဲစာရင်းများကို ပြန်လည်စိစစ်ခဲ့ရာ မဲမသမာမှုမှာ ၁၀ သန်း ကျော်ခန့်ရှိခဲ့ကြောင်း၊ အဆိုပါ မဲစာရင်းများ မှားယွင်းမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများထံသို့ ပြောကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် မဲမသမာမှုများဖြင့် ရရှိလာသည့် ရွေးကောက်ခံ ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာကို အဓမ္မရယူရန် လုပ်ဆောင်လာခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ တာဝန်ယူ ဆောင်ရွက်ခဲ့ရကြောင်း၊ မဲမသမာမှုများကို လုပ်ဆောင်ရာတွင် NLD ပါတီဗဟိုအမှုဆောင်များနှင့် အချို့ဒေသများတွင် ဝန်ကြီးချုပ်များပင် ပါဝင်သည်ကိုတွေ့ရကြောင်း၊ အဆိုပါ မဲမသမာမှု ဖြစ်စဉ်မှတစ်ဆင့် ဆူပူဆန္ဒပြမှုများ၊ လူစုလူဝေးဖြင့် အကြမ်းဖက်မှုများ၊ ထိုမှတစ်ဆင့် လက်နက်ကိုင် အကြမ်းဖက်သည့် ဖြစ်စဉ်များအထိ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မဲမသမာမှုကြောင့် နိုင်ငံရေးအရအရေးပေါ်အခြေအနေ ဖြစ်ပေါ်ခြင်းကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းခြင်း မပြုလုပ်ဘဲ လက်နက်ကိုင် အကြမ်းဖက်သည့် နည်းလမ်းဖြင့် ဖြေရှင်းရန် လုပ်ဆောင်လာခြင်းများကြောင့်ပင် ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းကို သုံးသပ်ရမည်ဆိုပါက မိမိတို့နိုင်ငံ၌ ပညာတတ်များ နည်းပါးခြင်းကြောင့်ဖြစ်သည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကျိုးကို မကြည့်ဘဲ လက်နက်ကိုင် အကြမ်းဖက်မှုများဖြင့် နိုင်ငံတော်၏အနာဂတ်ကို ဖျက်ဆီးနေကြခြင်းပင် ဖြစ်ကြောင်း။

 

ပညာရည်မြင့်မားရေး အလေးပေးဆောင်ရွက်လျက်ရှိ

 

ထို့ကြောင့် မိမိတို့အနေဖြင့် ပညာရည်ဖွံ့ဖြိုးတိုးတက်စေရေး ပညာရေးကို အားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပညာတတ် လူသားအရင်းအမြစ်များဖြင့် တိုင်းပြည်၏ အနာဂတ်ကို တည်ဆောက်နိုင်ရေး ပုံဖော်နေခြင်းပင်ဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားချိန်နှင့် နိုင်ငံရေး အခက်အခဲ၊ အကြပ်အတည်းများကြား၌လည်း စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှုအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး   ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး   သင်ကြားရေးဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်လည်း ကျောင်းနေသူများအားလုံး အတန်းပညာများ အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးရန် လိုကြောင်း၊ ပညာတတ်သကဲ့သို့ စာဖတ်ရန်လည်းလိုအပ်မည်ဖြစ်သဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းဖြင့် ပညာသင်ကြားခြင်းမပြုနိုင်တော့သည့်အရွယ်သို့ ရောက်ရှိနေသူများအနေဖြင့် အသိပညာများ၊ အတတ်ပညာများကို လေ့လာဆည်းပူးနိုင်မည် ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ၌ စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းဖြင့်လည်း ကလေးငယ်များ၏ စာဖတ်ခြင်း အလေ့အကျင့်ကောင်းနှင့် စာဖတ်စွမ်းအားများတိုးတက်လာပြီး ဗဟုသုတ အသိအမြင်များပိုမို သိရှိလာမည်ဖြစ်ကြောင်း။

 

သင်တန်းကာလအတွင်း စနစ်တကျသင်ယူ၍ မိမိတို့တာဝန်ထမ်းဆောင်ရာ ဒေသများ၌ ပညာရည်မြင့်မားရေးကို ကြိုးပမ်း ဆောင်ရွက်ကြရန်လို

 

ယခုကောလိပ်တွင် နိုင်ငံအဝန်း နယ်ပေါင်းစုံမှလာရောက် သင်တန်းတက်ကြခြင်းဖြစ်သဖြင့် မိမိတို့ ဒေသအလိုက် ပညာရည်မြှင့်တင်ရေး မည်သို့ဆောင်ရွက်လျင် ပိုမိုကောင်းမွန်မည်ဆိုသည်ကို စဉ်းစားတွေးတော၍ ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ နိုင်ငံကောင်းမွန်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နယ်မြေအလိုက် ကြုံတွေ့ရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဖတ်ရှုမှတ်သားခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဆိုပါက လေးနှစ်တာကာလအတွင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ လေးနှစ်တာကာလအတွင်း လေ့ကျင့်ရေးများကို စနစ်တကျ လိုက်ပါဆောင်ရွက်ပြီး အဆိုပါလေ့ကျင့်ခန်းများကို မိမိတို့ တာဝန် ထမ်းဆောင်ချိန်တွင် ပြန်လည်အသုံးချရန်လိုကြောင်း၊ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခြင်းများ၊ စည်းကမ်းနှင့်အညီ နေထိုင်သွားလာခြင်းများကို မိမိတို့သင်ကြားပေးရမည့် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆင့်သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ သင်ယူခြင်းများ ဆောင်ရွက်ချိန်တွင် စနစ်တကျသင်ယူသွားမည်ဆိုပါက သင်ကြားရေးကို အဆင် ပြေချောမွေ့စွာဖြင့် သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် စာဖတ်မပျင်းရန်လိုပြီး ပြန်လည် သင်ကြားခြင်းများကို ဆောင်ရွက်ရမည့်သူများဖြစ်သဖြင့် စာပေ အသိပညာဗဟုသုတများ ဖတ်ရှုလေ့လာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း။

 

တိုင်းရင်းသားဒေသများတွင် အတန်းပညာသင်ကြားရန်အတွက် ဘာသာစကား အခက်အခဲများ ရှိနိုင်ကြောင်း၊ ယခုပညာရေး ဒီဂရီကောလိပ်တွင် လာရောက်ပညာသင်ကြားလျက်ရှိသည့် တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့တာဝန်ထမ်းဆောင်သည့် နေရာဒေသများသို့ရောက်ရှိပါက ကျောင်းသားကျောင်းသူများ အမှန်တစ်ကယ် စာတတ်မြောက်မှုရှိစေရေး၊ တန်းစဉ်ကူးပြောင်းမှုများ မြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ တန်းစဉ်ကူးပြောင်းမှုများ မြင့်မားခြင်းဖြင့် ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝလာနိုင်မည်ဖြစ်ကြောင်း။

 

သင်တန်းပြီးဆုံး၍ တာဝန်ထမ်းဆောင်ရာတွင်လည်း စာပေဖတ်မှတ်လေ့လာခြင်းများကို ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ပြင် ပတ်ဝန်းကျင်ကိုလေ့လာခြင်းနှင့် ပတ်သက်၍လည်း အမြဲမပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ ကျေးရွာနှင့် မြို့များအလိုက် အတွေ့အကြုံများ၊ အသိအမြင်များ အနည်းနှင့်အများ ကွာခြားနိုင်မည်ဖြစ်ပြီး မိမိတို့ကြုံတွေ့ရသည့် လူနေမှုစနစ်များနှင့်အညီ မိမိတို့တာဝန်ထမ်းဆောင်ရသည့် ပတ်ဝန်းကျင်ကို ပြုပြင်ပေးနိုင်ကြောင်း၊ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ စာပေဖတ်ရှုလေ့လာခြင်းမှရရှိလာသည့် အသိဉာဏ်အလင်းသည် ဘဝတိုးတက်မှုအတွက် များစွာအထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ပြီး မိမိ၏ မိသားစုနှင့် မိမိတို့တာဝန် ထမ်းဆောင်ရသည့် ပတ်ဝန်းကျင်ကိုပါ အလင်းရောင်နှင့် လမ်းကြောင်းမှန်ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။

 

ပညာဆိုသည်မှာ စာပေသင်ကြားခြင်းသာမက အသိပညာ၊ အတတ်ပညာများလည်း ပါဝင်ကြောင်း၊ လေးနှစ်ကာလအတွင်း စနစ်တကျ သင်ယူသွားမည်ဆိုပါက မီးအလင်းရောင်နှင့်တူသည့် ပညာများကို ရရှိမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း ရရှိခဲ့သည့် အတွေ့အကြုံများ၊ ပညာများကို မိမိတို့တာဝန်ထမ်းဆောင်ချိန်တွင် ပြန်လည်သင်ကြားပေးကြရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် နိုင်ငံတိုးတက်ကောင်းမွန်ရေးကို ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ခိုင်မာသည့်ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် စည်းကမ်းစနစ်ကျသည့် လူအဖွဲ့အစည်း၊ အသိုက်အဝန်းဖြစ်ရန် လိုအပ်မည်ဖြစ်ပြီး ထိုသို့ဖြစ်ပေါ်လာစေရေးအတွက် သင်ကြားရေးတာဝန်များကို ထမ်းဆောင်ကြမည့်သူများအနေဖြင့် ဝိုင်းဝန်းဖော်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ ယခင်က မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များကို သင်ခန်းစာဖော်ထုတ်ရယူ၍ အနာဂတ်နိုင်ငံတော်ကို ပညာရေးဖြင့် ပုံဖော် တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုကောလိပ်မှ သင်ကြားပေးသည့် အသိပညာ၊ အတတ်ပညာများကို အမှန်တကယ်တတ်မြောက်အောင် လေ့လာသင်ယူ၍ မိမိတို့၏ ဘဝတစ်လျှောက် အောင်မြင်တိုးတက်စေရေး၊ နိုင်ငံတော်၏ ပညာရေး မြှင့်တင်မှုအခန်းကဏ္ဍတွင် တစ်တပ်တစ်အား ပါဝင်နိုင်ကြစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က မန္တလေး ပညာရေးဒီဂရီကောလိပ် စာကြည့်တိုက်အတွက် လူထုသိပ္ပံကျမ်းများ၊ သုတ ရသ စာအုပ်စာစောင်များ၊ သင်ထောက်ကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် နည်းပြ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်