ဒါကာ၊ ဩဂုတ် ၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေသအနှံ့ အပြားတွင် ရေကြီးမှုကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ပြီး လူပေါင်းခြောက်သန်းနီးပါး ထိခိုက်ခဲ့ကာ မိသားစု ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
ဩဂုတ် ၂၆ ရက် မွန်းလွဲပိုင်း အထိ ခရိုင် ၆၄ ခုအနက် ၁၁ ခု တွင် ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၅၇၀၁၂၀၄ ဦး ထိခိုက် ခံစားခဲ့ရကြောင်း အမျိုးသားသဘာဝဘေးတုံ့ပြန်ရေး ညှိနှိုင်းမှုဗဟိုဌာနမှ သတင်းထုတ်ပြန်ထားသည်။ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် လူ ၂၃ ဦး သေဆုံး ခဲ့သည့်အပြင် ခရိုင် ၁၁ ခုတွင် မိသားစုပေါင်း ၁၂၃၈၀၄၈ ဦး ရေဘေးသင့်လျက်ရှိကာ လူနှစ်ဦးလည်း ပျောက်ဆုံးနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် ရေကြီးရေလျှံမှုကြောင့် နိုင်ငံအနှံ့အပြားရှိ အဆောက်အအုံများ၊ ကောက်ပဲသီးနှံများ၊ လမ်းများနှင့် အဝေးပြေး လမ်းများ ပျက်စီးဆုံးရှုံးမှု အများအပြား ဖြစ်ပေါ်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြံပေးအရာရှိချုပ် မိုဟာမက် ယူနတ်စ်က ပိတ်မိနေသူများ ကို ကယ်ဆယ်ရေး၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးရေးနှင့် ရေဘေးသင့်သူများအတွက် အလုံးစုံပူးပေါင်း ဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်ရန် သက်ဆိုင်ရာ ဌာနအားလုံးကို ဩဂုတ် ၂၅ ရက် တွင် တောင်းဆိုခဲ့သည်။
တရုတ်နိုင်ငံ ကြက်ခြေနီအသင်းမှ အရေးပေါ်လူသားချင်း စာနာမှုအကူအညီအတွက် ဘင်္ဂလားဒေ့ရှ် လခြမ်းနီအသင်းသို့ အမေရိကန် ဒေါ်လာ ၁၀၀၀၀၀ လှူဒါန်းခဲ့သည့်အပြင် အကြံပေးအရာရှိချုပ်၏ ကယ်ဆယ်ရေးနှင့် လူမှုဖူလုံရေးရန်ပုံငွေသို့ ဒေါ်လာ ၂၀၀၀၀ လှူဒါန်းမည်ဟု တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
ဆင်ဟွာ