နေပြည်တော်၊ ဩဂုတ် ၂၆
၂၀၂၄-၂၀၂၅ ရာသီ အာရှချန်ပီယံလိဂ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု (A) ပွဲစဉ်အဖြစ် သြဂုတ် ၂၆ ရက် မြန်မာစံတော်ချိန် နံနက် ၁ နာရီက ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပရာ အိမ်ရှင်ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာအသင်းက မြန်မာကလပ် မြဝတီအသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။
မြဝတီအမျိုးသမီးအသင်း၏ ပထမဆုံး နိုင်ငံတကာပွဲမှာ ရလဒ်မကောင်းဘဲ ဂိုးပြတ်ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ခြေစစ်ပွဲ ကျင်းပသည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်မှုရ တစ်သင်းစီသာ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သောကြောင့် မြဝတီအသင်းအနေ ဖြင့် ရုန်းကန်ရတော့မည်ဖြစ်သည်။
မြဝတီအသင်းသည် အေးအေးမိုး၊ ခိုင်သဇင်၊ ဖြူဖြူဝင်း၊ ပုံ့ပုံ့ပြည့်မောင်၊ လှယဉ်ဝင်းစသည့် ကစားသမားများဖြင့် ပွဲထွက်လာသည်။ အယ်လ်နာဆာအသင်းသည် ပထမပိုင်းကတည်းက နှစ်ဂိုးအသာဖြင့် အနိုင်ရနေပြီး အနိုင်ဂိုးများကို ၂၁၊ ၂၈ မိနစ်တွင် လူဗန်ဂါ၊ ၆၃ မိနစ်တွင် အယ်လ်ဆိုင်ဆာရီတို့က သွင်းယူခဲ့သည်။
မြဝတီအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် သြဂုတ် ၂၈ ရက်တွင် ယူအေအီးကလပ် အဘူဒါဘီအသင်းနှင့် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ အုပ်စု (A) အခြားပွဲတွင် ယူအေအီးကလပ် အဘူဒါဘီအသင်းက လာအိုကလပ် Young Elephant အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - Myawady FC