၃ မတ်

 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပနေသည့် Grade-3 အဆင့်ရှိ Future Series မှ Kenya International 2019 ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ချန်ပီယဆုရရှိခဲ့သည်။ 

 

သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင် ၃၂ ဦးအဆင့်မှ ယှဉ်ပြိုင်ခဲ့ရပြီး ရာဖီ (ယူဂန္ဓာ) ကို ၂၁-၁၀ မှတ်၊ ၂၁-၅ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ၁၆ ဦးအဆင့်တွင် ဂါနီရှာ(မောရစ်သျှ)ကို ၂၁-၈ မှတ်၊ ၂၁-၈ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ကွာတားဖိုင်နယ်တွင် ဆာမင် (အီရန်)ကို နှစ်ပွဲပြတ်၊ ဆီမီးဖိုင်နယ်တွင် ဟာဒီရာဟိုဆနီ (အီဂျစ်) ကို ၂၁-၇၊ ၂၁-၇ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဗိုလ်လုပွဲတွင် အမ်မီရို (ဂျော်ဒန်)ကို ၂၁-၁၀၊ ၂၁-၁၀ မှတ်ဖြင့် နှစ်ပွဲပြတ် အနိုရကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ယခုပြိုင်ပွဲမတိုင်မီက ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၄ ရက်အထိ ယူဂန္ဓာနိုင်ငံ၌ ကျင်းပသည့် Uganda International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင်လည်း ဗိုလ်စွဲခဲ့ရာ ရက်ပိုင်းအတွင်းပြိုင်ပွဲနှစ်ခုတွင် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

 

သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိသည့် Grade-3 အဆင့်ရှိပြိုင်ပွဲများတွင် ဆက်တိုက်ယှဉ်ပြိုင်လျက်ရှိပြီးInternational Series ကြက်တောင်ပြိုင်ပွဲတွင် ချန်ပီယံဆုနှစ်ကြိမ်၊ ဒုတိယဆုတစ်ကြိမ်၊ Future Series ကြက်တောင်ပြိုင်ပွဲတွင် ချန်ပီယံဆုတစ်ကြိမ် ရရှိခဲ့သည်။

 

သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် မတ်လအထိ ပြိုင်ပွဲလေးပွဲ ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲတိုင်းဆုရခဲ့ပြီး ချန်ပီယံဆုသုံးကြိမ်၊ ဒုတိယဆုတစ်ကြိမ် ရရှိခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ