နေပြည်တော် ဩဂုတ် ၂၇
ဒိုက်ဦးထောင်တွင် ထောင်အရာရှိနှင့်ဝန်ထမ်းများက အကြမ်းဖက်ရိုက်နှက်၍ အကျဉ်းသူများ ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရာယ်နှင့် လုံခြုံရေး အထူးစိုးရိမ်နေရသည်ဟူ၍ Khit Thit အမည်ခံ Facebook Page က ဩဂုတ် ၂၀ ရက်တွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် အဖျက်အမှောက်သတင်းအဖြစ် မဟုတ်မမှန် လုပ်ကြံသတင်းရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
ဖြစ်စဉ်အမှန်မှာ ဩဂုတ် ၁၉ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ တွင် အိပ်ဆောင်မှူးသည် လုပ်ထုံးလုပ်နည်းအရ တာဝန်ကျဝန်ထမ်းများကို ထောင်ဝင်စာ ဧည့်တွေ့ပြန်လာသူ အကျဉ်းသူများအား ရှာဖွေရေးပြုလုပ်ရန် ပြောဆိုခဲ့ကြောင်း၊ ထိုသို့ ပြောဆိုသည်ကို အကျဉ်းသူငါးဦးတို့က ရှာဖွေရေး ပြုလုပ်ခြင်းသည် ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်သဖြင့် ရှာဖွေခွင့် မပြုနိုင်ကြောင်းနှင့် ရိုင်းပြစွာဆဲဆိုခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများ ပြုလုပ်ခဲ့ပြီး အခြားအကျဉ်းသူ (၁၀)ဦး ခန့်ကလည်း အော်ဟစ်ဆူပူ ဆဲဆိုနေသဖြင့် တာဝန်ကျဝန်ထမ်းများက တားမြစ်ထိန်းသိမ်းခဲ့ရကြောင်း။
ထို့အတူ ကျိုက်မရောဗဟိုအကျဉ်းထောင်မှ ပြောင်းရွှေ့လာသော အကျဉ်းသူများအနက် အကျဉ်းသူ (၂၇)ဦးထံမှ တားမြစ်ပိတ်ပင်ထားသော တယ်လီဖုန်း (၂၇)လုံး သိမ်းဆည်းရမိခဲ့သည့် ဖြစ်စဉ်အပေါ် မကျေနပ်သဖြင့် ယင်းအကျဉ်းသူများသည် အခန်းအတွင်းသို့ မဝင်ဘဲ အော်ဟစ်ဆဲဆိုခြင်းများ ပြုလုပ်ခဲ့သဖြင့် ဒုတိယတာဝန်ခံ အရာရှိ ဦးဆောင်သော ဝန်ထမ်းများက သွားရောက် အိပ်ဆောင်ပိတ်ခဲ့ရပြီး အကျဉ်းသူများကို ရိုက်နှက်ခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိစေခြင်းများ မပြုလုပ်ခဲ့ကြောင်း အကျဉ်းထောင်တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် ယင်းအကျဉ်းသူငါးဦး ပြောင်းရွှေ့ရောက်ရှိသည်မှစ၍ အကျဉ်းထောင် အုပ်ချုပ်ရေးနှင့် စည်းကမ်းများကို ပျက်ပြားစေရန် ပြုလုပ်ခြင်း၊ ဧည့်တွေ့ပြန်လာသော အကျဉ်းသူများအား ရှာဖွေရေးပြုလုပ်ရာတွင် နှောင့်ယှက်ခြင်း၊ အကျဉ်းထောင်စည်းကမ်း ဖောက်ဖျက်သည့် အကျဉ်းသူများအား ရုံးတင်အပြစ်ပေးသော်လည်း လိုက်နာမှုမရှိဘဲ အမျိုးသမီးဝန်ထမ်းများအား ရန်ရှာခြင်း၊ ဝန်ထမ်းများ၏ ပစ္စည်းများအား ဖျက်ဆီးခြင်း၊ အုပ်စုဖွဲ့ခြိမ်းခြောက်ခြင်း၊ အမျိုးသား ဝန်ထမ်းများ ပါဝင်၍ စည်းကမ်းထိန်းသိမ်းသည့်အခါ “အမျိုးသားဝန်ထမ်းများ ပြန်သည်နှင့် နင်တို့ကို သတ်ပစ်မည်”ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အခြား စည်းကမ်းလိုက်နာသည့် အကျဉ်းသူများကိုလည်း ဝန်ထမ်းများဘက်ပါသည်ဟုဆိုကာ အမျိုးမျိုးခြိမ်းခြောက်ခဲ့ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အကျဉ်းသူများ စည်းကမ်းဖောက်ဖျက်သည့်အခါ အကျဉ်းထောင် ဥပဒေ၊ နည်းဥပဒေနှင့်အညီသာ အရေးယူဆောင်ရွက်ခြင်းဖြစ်သည့်အတွက် Khit Thit Media အမည်ခံ Facebook Page ၏ ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင် လွဲမှားစေရန်၊ အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံရေးသားထားခြင်းသာဖြစ်သည်။
မေမိုး


