မော်လမြိုင် သြဂုတ် ၂၇

 

မွန်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ ရေကြီးနစ်မြုပ် ပျက်စီးဧကများအတွက် မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အညီ ပြည်နယ်အတွင်း စပါး၊ ရော်ဘာနှင့် ဥယျာဉ်ခြံ သီးနှံများကို အဓိက စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း၊ မွန်ပြည်နယ်၏ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ထွက်ရှိစေရေးအတွက် သွင်းအားစုများဖြစ်သည့် ယူရီးယားဓာတ်မြေဩဇာနှင့် ရွှေဇီဝသဘာဝ ဇီဝမြေဩဇာများကိုလည်း ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဈေးနှုန်းချိုသာစွာဖြင့် တောင်သူများထံ ရောင်းချပေးလျက်ရှိပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သီးနှံအထွက်နှုန်း တိုးတက်ရေးသာမက အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးပွားစေရန် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော ဒေသခံတောင်သူများထံသို့ မျိုးစပါးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သဘာဝဓာတ်မြေသြဇာနှင့် မျိုးစပါးများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

 

မွန်ပြည်နယ်အနေဖြင့် ဆန်စပါး ဖူလုံမှုအနေဖြင့် ၁၃၅ ဒသမ ၄၉ ရာခိုင်နှုန်းရှိရာ ယခုနှစ်တွင် ၁၄၀ ဒသမ ၀၈ ရာခိုင်နှုန်း ရရှိအောင် ရည်မှန်းဆောင်ရွက်လျက်ရှိပြီး သီးနှံစိုက်စွမ်းအား တိုးတက်စေရန်အတွက် ဒုတိယသီးနှံများဖြစ်သည့် နွေစပါး (၄၅၉၀၅)ဧက၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲသီးနှံ (၂၇၄၅၆)ဧက၊ နှမ်းသီးနှံ (၁၅၃၂)ဧက၊ နေကြာသီးနှံ (၁၈၃၅၂) ဧကနှင့် ပဲမျိုးစုံသီးနှံ (၆၈၃၀၂)ဧက စိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း သိရသည်။

 

သက်နိုင်(မော်လမြိုင်)