ပျဉ်းမနား ဩဂုတ် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး)မှ ဦးစီးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတန်းစုံတွင် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများအား ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့စရိတ် ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦစွာ နေပြည်တော်ကောင်စီဝင်၊ နေပြည်တော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦးက နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး) အနေဖြင့် လက်ရှိအခြေအနေတွင် နေပြည်တော်အခြေပြု ယာဉ်အသင်း ၃၄ သင်း၊ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးအခြေပြု ယာဉ်အသင်း ၉၃ သင်း၊ စုစုပေါင်းယာဉ်အသင်း ၁၂၇ သင်းက နေပြည်တော်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ပေါင်း ၆၅ မြို့ကို နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် ကြိုးပမ်းနေသလို၊ တစ်ဖက်တွင်လည်း ယာဉ်အသင်းများ၏ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း/ယာဉ်နောက်လိုက် စသည့် ယာဉ်ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များတွင် စည်းမျဉ်း၊ စည်းကမ်းများသတ်မှတ်ပြီး ထောက်ပံ့ကူညီပေးနေသည့်အတွက် လွန်စွာဝမ်းမြောက်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက်၊ လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ရေး”၊ “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် လူမှုရေးဦးတည်ချက်များ ချမှတ်ပြီး လူငယ်/လူရွယ်များ ပညာတတ်ဖြစ်လာစေရန် ဆောင်ရွက်ပေးနေသကဲ့သို့ ကျောင်းသား/ကျောင်းသူများကလည်း မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် ပညာကို ကြိုးပမ်းသင်ယူစေလိုကြောင်း၊ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရာမှာ ကျောင်းသူ/ကျောင်းသားများ အပါအဝင် လူငယ်လူရွယ်များက အဓိကအခန်းကဏ္ဍက ပါဝင်နေသည့်အတွက် ပညာကို တတ်မြောက်အောင် ကြိုးစားသင်ယူပြီး ထူးချွန်ထက်မြက်၍ အားထားရသူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) အတွင်းရေးမှူး၊ ပညာ/ ကျန်းမာ/ လူမှုဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းမင်းသိန်းက ပညာရေး ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများက ပညာရည်ချွန်ဆု၊ ပညာသင်ထောက်ပံ့စရိတ်နှင့် ကျောင်းသုံးဗလာစာအုပ်များ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတန်းစုံတွင် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများအား ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့စရိတ် စုစုပေါင်း ချီးမြှင့်ထောက်ပံ့ငွေကျပ် ၁၆၉၈၆ဝဝဝ ကို ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)


