နေပြည်တော် ဩဂုတ် ၂၇
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် စက်မှုဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ TPE Co., Ltd. တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်း အမြန်ဆုံး ပြီးစီးလည်ပတ်နိုင်ရေးအတွက် ရိုးမတ်နည်းစဉ်အသုံးပြု သံရည်ကျိုမီးဖို၊ အောက်ဆီဂျင် အလုပ်ရုံတို့တွင် စက်ပစ္စည်းများတပ်ဆင်ရေး၊ စမ်းသပ်လည်ပတ်ခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် စာချုပ်မူဘောင်လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေး ညှိနှိုင်းနေမှု၊ စက်ရုံလည်ပတ်နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ပေးရေး၊ နှစ်ဖက် အပြီးသတ် ဆွေးနွေးညှိနှိုင်းပြီးစီးပါက စာချုပ်မူဘောင် လက်မှတ်ရေးထိုးရေး၊ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီ ဆောင်ရွက်ပေးရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစွာဖြင့် လက်တွဲဆောင်ရွက် နိုင်မည့်ကိစ္စရပ် များအား ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


