နေပြည်တော် ဩဂုတ် ၂၇

 

အဆင့်မြင့်နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းကျောင်း(LAC)၊  ပထမထပ်သင်တန်းခန်းမ (MOLA Lecture Hall) ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းနှင့် ဦးခင်မောင်ဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊  ဥပဒေရေးရာဝန်ကြီးဌာနမှ ဌာနအကြီး အကဲများ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းဆရာများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ဉီးစွာပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေအသိပညာပြန့်ပွားရေးမှာ တရားဥပဒေ စိုးမိုးရေးအတွက် အညွှန်းကိန်းတစ်ခုဖြစ်ပါကြောင်း၊ လူတိုင်းလူတိုင်းတွင် ဥပဒေအသိပညာရှိသင့်သည် ဟူသော နိုင်ငံ့တော်အကြီးအကဲ၏ လမ်းညွှန်ချက်အရလည်း ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

 

ယခုသင်တန်း၏ရည်ရွယ်ချက်မှာ ဥပဒေအသိပညာပြန့်ပွားရေးအတွက် သက်ဆိုင်ရာဌာနများတွင် အရာထမ်းဝန်ထမ်းများကို ဥပဒေအသိပညာရှိစေရန်လုပ်ဆောင်ရမည်ဟု လမ်းညွှန်ချက်ရှိပါကြောင်း၊ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ အဖွဲ့အစည်းများမှ မိမိတို့ထံမှဆရာများကို ဟောပြောပို့ချပေးရန် တောင်းဆို သည့်အခါတွင် မိမိတို့အနေဖြင့် ပင်မလုပ်ငန်းများအပြင် သင်တန်းပေးခြင်းကို အချိန်နှင့်တပြေးညီ လုပ်ဆောင်နေပါကြောင်း၊ ယခုသင်တန်းတွင် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး အဆင့်များကို ပို့ချနေခြင်းမှာ Training for Trainer ဖြစ်ပြီး မိမိဌာနတွင်ဆင့်ပွားသင်တန်းပေးနိုင်ရန် ရည်ရွယ်ပါ ကြောင်း။

 

ယခုသင်တန်းမှာ ရက်ပေါင်း ၄၀ စာသင်ချိန် ၁ ချိန်လျှင် မိနစ် ၅၀ အချိန် ၈၀ သင်တန်းပေးမည်ဖြစ်ပြီး Case Study၊ သင်တန်းဝင်ဆန်းစစ်ချက်နှင့် သင်တန်းဆင်းဆန်းစစ်ချက်များ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသိသင့်သိထိုက်သည့် မူကြမ်းရေးဆွဲခြင်း ဘာသာရပ်၊ စီးပွားရေး စာချုပ်စာတမ်းများ စိစစ်ခြင်းဆိုင်ရာဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အာဆီယံဥပဒေများ လက်တွေ့အသုံးချမှု ဘာသာရပ်၊ တရားမဆိုင်ရာဘာသာရပ်၊ အထွေထွေဥပဒေအကြံပေးဘာသာရပ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေများအပြင် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများအကြောင်းကို ဥပဒေရေးရာဝန်ကြီးဌာနမှ အတွေ့အကြုံ ရင့်ကျက်သည့် ဆရာ၊ဆရာမများမှ ဖြန့်ဝေပေးမည် ဖြစ်ပါကြောင်း။

 

သင်တန်းသား သင်တန်းသူ အရာရှိကြီးများအနေဖြင့် သင်တန်းမှရရှိသော ဗဟုသုတများကို မိမိအတွက် သော်လည်းကောင်း၊ မိမိဌာနအတွက်သော်လည်းကောင်း၊ မိမိနိုင်ငံအတွက်သော်လည်းကောင်း ကောင်းစွာအသုံးချစေလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်၊ တက်ရောက်လာကြသူများ၊ သင်တန်းသားများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

(သတင်းစဉ်)