နေပြည်တော် ဩဂုတ် ၂၇
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာ တက္ကသိုလ်(တောင်ငူ)တို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း ဆွေးနွေး ပွဲကို ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ် (တောင်ငူ) ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး ကော်မရှင်အဖွဲ့ဝင်က လူငယ်များသည် အနာဂတ်နိုင်ငံတော်၏ ခေါင်းဆောင်များဖြစ်ကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည် ကြည်မှုကိုအခြေပြုရန် လိုအပ်ကြောင်း၊ ယနေ့ ခေတ်တွင် ခေါင်းဆောင်ကောင်း၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ “ခေါင်းဆောင်ရာတွင်သာ တော်နေသူမဟုတ်ဘဲ ကျင့်ဝတ်နှင့်လျော်ညီသည့် ရလဒ်များရရှိရန်အတွက် ထိထိရောက် ရောက် ဦးဆောင်ဦးရွက်ပြုနိုင်သူ”ဟု ဖွင့်ဆိုကြောင်း၊ ကျင့်ဝတ်နှင့် ခေါင်းဆောင်မှုသည် ချိတ်ဆက်လျက် ရှိနေကြောင်း၊ လူငယ်များသည် ပြဿနာများကို ဖြေရှင်းရာတွင် တီထွင်ဖန်တီးနိုင်စွမ်း ရှိကြောင်း၊ လူငယ်များအနေဖြင့် ဆန်းသစ်သည့် အတွေးအခေါ်များနှင့် ခေတ်မီနည်းပညာ အသစ်များကို ကောင်းမွန်စွာ အသုံးချ၍ အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးကို ပိုမိုထိရောက်စွာ တိုက်ဖျက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာ၌ ဖြောင့်မတ်တည်ကြည်မှုကို အခြေခံ သော Integrity Pact များ ဖြစ်ပေါ်လာစေရန် နိုင်ငံသားတိုင်းက ကျင့်ဝတ်များကို ကိုယ်စီစောင့်ထိန်းလိုက် နာကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့ သိရှိလိုသည်များကို မေးမြန်း ကြပြီး ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


