နေပြည်တော် ဩဂုတ် ၂၇
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် (၉) နာရီခွဲက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မကွေးတိုင်းဒေသကြီး သန်းခေါင်စာ ရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်း ဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ရာ ယခုဆိုလျှင် အချိန်ကာလ(၁)လခန့်သာလိုတော့ပါကြောင်း၊ သန်းခေါင် စာရင်း ရည်ညွှန်းချိန်အဖြစ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ (၃၀) ရက်၊ ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထားပြီး ၂၀၂၄ ခုနှစ်၌ရှိမည့် ခန့်မှန်း လူဦးရေ (၅၆) သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု (၁၃) သန်းခန့်ကို အခြေခံတွက်ချက် ကောက်ယူမည် ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ကွက်ပေါင်း (၁)သိန်း (၁)သောင်းခန့်ကို စာရင်းစစ်၊ စာရင်းကောက် (၄)သောင်း (၂)ထောင်ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားပါ ကြောင်း။
မကွေးတိုင်းဒေသကြီးအနေဖြင့် ကောက်ကွက်ပေါင်း (၉၀၀၀) ကျော်ကို စာရင်းစစ်၊ စာရင်းကောက် (၂၀၀၀) ကျော်ဖြင့် ကောက်ယူရန်လျာထားပြီး လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်မှု အခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်းကောက်ယူရန်ကျန်ရှိနေ ပါက ရက်ထပ်မံတိုးမြှင့် ကောက်ယူနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန် လိုကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း (၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက်မေးခွန်း(၁၈)ခု ကို Mobile Tablet များအသုံးပြုကာ တစ်အိမ်တက်ဆင်း ကောက်ယူမည်ဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် မေးခွန်းများကို မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီနိုင်ရေး ပြည်သူလူထု အသိပညာပေးလုပ်ငန်းများကိုလည်း ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွား ကြရမည်ဖြစ်ပါကြောင်း၊ စီမံချက်ပါလုပ်ငန်းများကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင်မြင်ရေး အတွက် ကော်မတီအဆင့်ဆင့်က ကြိုတင်စီမံကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူရေးအတွက် လက်ရှိ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိသည့် အချက် အလက်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးပြု ဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူလူထုအသိပညာပေး TV Spot များကိုပြသသည်။
ယင်းနောက် တက်ရောက်လာကြသူများက သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်များနှှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ မကွေး တိုင်းဒေသကြီး၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆန်းက လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ သွားရောက်၍ အဆိုပါရုံးခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် သန်းခေါင်စာရင်းဆိုင်ရာ မကွေးတိုင်း ဒေသကြီး၊ တိုင်းအဆင့် နည်းပြသင်တန်းဆွေးနွေးပို့ချနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကိုမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တိုင်းဦးစီးမှူးရုံးခန်းမ၌ ဝန်ထမ်းများက မြို့နယ်အလိုက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးထားရှိမှုများကို ရုံးချုပ်ရှိ e-ID Sever မှ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့၊ ကန်သာလမ်းရှိ ဈေးရှေ့၌ စိုက်ထူထားသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ပြည်သူလူထုအသိပေး Bill Board များ စိုက်ထူထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှု ပြီးနောက် မကွေးမြို့တွင်း လူစည်ကားရာ လမ်းဆုံလမ်းခွနေရာများတွင် Bill Board များ စိုက်ထူ ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


