နေပြည်တော် ဩဂုတ် ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်အား နေပြည်တော်ရှိ ရုံးအမှတ် (၁၆) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်း၍ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်မည့်စက်ရုံ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ MoC လက်မှတ်ရေးထိုး ခွင့်ဆိုင်ရာများ၊ သမဝါယမကဏ္ဍမှ နေကြာဧက ၉၀,၀၀၀ စမ်းသပ်စိုက်ပျိုးနိုင်ရေး ရုရှားနိုင်ငံ၏ နေကြာမျိုးစေ့များပံ့ပိုးပေးမည့် အခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် အမျိုးသားအားကစားပွဲတော် ဘောလုံးပြိုင်ပွဲများတွင် အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ရည်ရွယ်၍ နေပြည် တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပလျက် ရှိသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန် ကြီးဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တတိယနေရာလုပွဲ ပွဲစဉ်ဖြစ်သော ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အသင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြပုံ များကို လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သော သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)အသင်းနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြပုံများကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး နောက်တန်းဆု၊ အကောင်းဆုံး အလယ်တန်းဆု၊ အကောင်းဆုံးရှေ့တန်းဆု၊ အကောင်းဆုံးဂိုးသမားဆု၊ အသန့်ရှင်းဆုံးအသင်းဆု ရရှိကြသူကိုများကို ညွှန်ကြားရေးမှူးချုပ်များကလည်းကောင်း၊ တတိယဆုရရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအသင်းကို အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က လည်းကောင်း၊ ဒုတိယဆုရရှိသော အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအသင်းကို ဒုတိယဝန်ကြီး ဦးမြင့်စိုးက လည်း ကောင်း တစ်ဦးချင်းလည်ဆွဲတံဆိပ်များ၊ ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး က ပွဲစဉ်ပထမ ရွှေတံဆိပ်ဆုရရှိသော သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (စစ်ကိုင်း) အသင်းကို တစ်ဦးချင်းလည်ဆွဲတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကြီးကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


