နေပြည်တော် ဩဂုတ် ၂၈

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်သည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးဆိုင်ရာ အသိပညာ မြှင့်တင်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းချုပ်ခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual စနစ်ဖြင့်တက်ရောက်သည်။

ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အဖွဲ့ဝင်များ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(မြန်မာ)မှ ကိုယ်စားလှယ်များ၊ စားသောက်ကုန်လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်း စွမ်း အင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် ဝန်ကြီး ဌာနဖြစ်၍ လုပ်ငန်းများကို ထိထိရောက်ရောက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်းရေး မူဝါဒ၊ မဟာ ဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်ကို ၂၀၁၆ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ကြောင်း၊ မူဝါဒ ရည်မှန်း ချက်အနေဖြင့် ၂၀၁၂ ခုနှစ် စွမ်းအင်သုံးစွဲမှုကို အခြေခံပြီး ၂၀၃၀ ပြည့်နှစ်တွင် ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်ရန် ရည်ရွယ်ထားကြောင်း၊ ကမ္ဘာ့ရည်မှန်းချက်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ပန်းတိုင် (၇) (Global Sustainable Development Goal 7) ၏ အဓိကရည်ရွယ်ချက် (၃)ရပ်အနက် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာစွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး လုပ်ငန်းများကို (၂)ဆ တိုးမြှင့်ရမည်ဟု သတ်မှတ်ထားကြောင်း။

ယခုဆွေးနွေးပွဲသည် ရန်ကုန်မြို့တွင်ရှိသည့် စားသောက်ကုန်လုပ်ငန်းအများစုအတွက် ရည်ရွယ်ပြီး စွမ်းအင်အကျိုးရှိစွာသုံးစွဲရေး နည်းပညာများမျှဝေသွားမည်ဖြစ်ကြောင်း၊ စွမ်းအင် အကျိုးရှိ ထိရောက်စွာသုံးစွဲရေးဆိုင်ရာ နည်းပညာများနှင့် စားသောက်ကုန်လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို သက်ဆိုင်ရာပညာရှင်များက ဆွေးနွေးပြောကြားပေးမည် ဖြစ် ကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များအားလုံးအနေဖြင့် သိရှိလိုသည်များကို အသေးစိတ်မေးမြန်းကြရန်နှင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှုကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးက အစားအသောက်ထုတ်လုပ်မှုကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်နေမှုကိုလည်းကောင်း၊  အမျိုးသားအဆင့်အတိုင်ပင်ခံ ကိုယ်စားလှယ်က အစားအသောက်ထုတ်လုပ်မှုကဏ္ဍ၌ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲ မှုနှင့်ပတ်သက်၍ အဓိကဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊  မြန်မာနိုင်ငံ အစားအ သောက် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ကိုယ်စားလှယ်က အစားအသောက် ထုတ်လုပ်မှု ကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုကို လည်းကောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ကိုယ်စားလှယ်က မြန်မာနိုင်ငံတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် ရှုထောင့်အမြင်ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိ လိုသည်များကို မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းနှင့် စွမ်းအင်အကျိုးရှိထိရောက်အောင် ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းများချမှတ်ခြင်းတို့ကို ဆောင်ရွက်၍ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်