နေပြည်တော် ဩဂုတ် ၂၈

မြန်မာ့ပဲပုပ်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်းစိုက်ပျိုးရေးသုတေသန ဦးစီးဌာန ၊ နဝရတ်ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံမွေး  မြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ ကိုယ်စားလှယ်များက Online မှ တက်ရောက်ဆွေးနွေးကြသည်။

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာစေရန်  ပြည်တွင်း ပြည်ပဖွံ့ဖြိုးမှု မိတ်ဘက်အဖွဲ့ အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိ ရာတွင် ယခုကျင်းပသည့် မြန်မာ့ပဲပုပ် သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

အဆိုပါ အထူးရန်ပုံငွေဖြင့် “စပါးရိတ်သိမ်းအပြီး ပဲပုပ်သီးထပ် စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက် စွမ်းအားမြှင့်တင်ခြင်း” စီမံကိန်းကို ၂၀၂၄-၂၀၂၅ ခုနှစ် မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရန် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက် ရှိကြောင်း၊ စားသုံးဆီထုတ်လုပ်မှုသာမက ကြိတ်ဖတ်ကို ပြည်တွင်းမွေးမြူရေး တိရစ္ဆာန် အစာအဖြစ် အသုံးပြုနိုင်မည့် ပဲပုပ်သီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးရန် အားပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သီးတောင့်ပါဝင်မှုများပြီး အထွက်နှုန်းတည်ငြိမ်ကာ ဒေသမရွေးစိုက်ပျိုးနိုင်သည့် အထွက်ကောင်း မျိုး ရေဆင်း-၁၅ ပဲပုပ်မျိုးကို တစ်နိုင်ငံလုံး၌ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်စေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။

သို့ပါ၍ ယနေ့ဆွေးနွေးပွဲတွင် ပြည်တွင်းစားသုံးဆီဖူလုံရေး နှင့် မွေးမြူရေး တိရစ္ဆာန်အ စာကုန်ကြမ်း ပဲပုပ်ကြိတ်ဖတ် တင်သွင်းမှုလျှော့ချနိုင်ရေး ၊ ပဲပုပ်သီးနှံတန်ဖိုး ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့ပဲပုပ်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်များ၊ လုပ်ငန်းများကို တိတိကျကျ အစီအစဉ်များ ရေးဆွဲချမှတ်ပြီး စနစ်တကျ တိုးတက်ဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာကဏ္ဍများမှ တက်ကြွစွာ ပါဝင် ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က မြန်မာ့ပဲပုပ်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ တင်ပြပြီး ဆွေးနွေးပွဲတက်ရောက်လာကြသည့် သုတေသီများ၊ ပညာရှင်များ၊ အသင်းအဖွဲ့များ မှတာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် တောင်သူများ က သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြသည်။

ဆွေးနွေးပွဲခေတ္တရပ်နားချိန်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ၊ တောင်သူများ နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပဲမျိုးစုံ သုတေသနဌာနစု၊ ပဲပုပ်သီးနှံသုတေသနဌာနသို့ သွားရောက်လေ့လာခဲ့ကြသည်။

ရှမ်းပြည်နယ်၌ ပဲပုပ်သီးနှံကို မိုးရာသီတွင် အဓိက စိုက်ပျိုးပြီး စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီတိုင်း ဒေသကြီးများ၌ မြစ်ရေကျချိန်တွင်လည်းကောင်း၊ မိုးနှောင်းသီးနှံ အဖြစ် ရှမ်း၊ ကချင်၊ မွန် နှင့် ကရင်ပြည်နယ် တို့တွင် စပါးရိတ်သိမ်းအပြီးတွင်လည်းကောင်း ပဲပုပ်သီးနှံ စိုက်ပျိုးကြကြောင်း၊၂၀၂၃-၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ဧက၏ ၃၀% ၊ မိုးနှောင်း နှင့် ဆောင်းသီးနှံစိုက်ဧက၏ ၇၀ ရာခိုင်နှုန်း စိုက်ပျိုးခဲ့သဖြင့် တစ်နိုင်ငံလုံး၌ စုစုပေါင်း ပဲပုပ်ဧက (၃ ဒသမ ၄)သန်း စိုက်ပျိုးခဲ့ကြောင်း၊ တန်ချိန် ၅ ဒသမ ၈ သန်းကျော် စိုက်ပျိုးထုတ်လုပ်ထွက်ရှိပြီး ပြည်ပသို့ မက်ထရစ်တန် ၆,၀၀၀ ကျော် တင်ပို့လျက်ရှိကြောင်းသိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရာပြည့် အထိမ်းအမှတ် အဆောက်အအုံဆောက်လုပ်ပြီးစီးမှု နှင့် တက္ကသိုလ်ရာပြည့်အခမ်းအနား ကျင်းပရန်  အကြိုပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ရေဆင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှု တမံကြံ့ခိုင်မှုနှင့် ရေပေးဝေ မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ရေဆင်းရေလှောင်တမံအနေဖြင့် ကန်ရေပြည့် ရေလှောင်ပမာဏ ၇၃၀၀၀ ဧကပေ သိုလှောင်နိုင်ပြီး ဩဂုတ်လ (၂၇)ရက်နေ့ အထိ ရေဧကပေ ၄၆၂၀၀ ရှိသဖြင့် (၆၃ရာခိုင်နှုန်း)သိုလှောင်ထားရှိပြီးဖြစ်ကြောင်း၊ ကျန်ရှိသော မိုးရာသီကာလ ရေဝင်ရောက်နိုင်မှုအခြေအနေအား (၁၀)နှစ်တာ ကာလ ပျမ်းမျှဖြင့် တွက်ချက်၍ မြို့ပြသုံးရေ ထုတ်ယူသုံးစွဲမှု၊ အငွေ့ပြန်ဆုံးရှုံးမှု နှင့် စိုက်ပျိုးရေ ပေးဝေမှုတို့ကို ထိန်းညှိဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အထူးသဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေသောက်ဧရိယာများမှ နွေစပါးသီးနှံများ ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်