နေပြည်တော် ဩဂုတ် ၂၈
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးဒေါက်တာအေးထွန်း ၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့်အတူ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်သူများ နေ့စဉ်စားသောက်သုံးစွဲနေရသည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်/ လူသုံးကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို တာဝန်ယူ ဆောင်ရွက်ရသည့်အတွက် အလွန်တာဝန်ကြီးကြောင်း၊ ပြည်သူအများ နေ့စဉ်သုံးစွဲနေရသည့် သောက်ရေသန့်များ၊ စားသုံးဆီများ၊ နို့မှုန့်များကို စနစ်တကျ ပုံမှန်စစ်ဆေးကြီးကြပ်ပေးရန် လိုအပ်ကြောင်း၊ MSMEs လုပ်ငန်းများ အဆင့် မှီမှီ တိုးတက်စေရေးအတွက်လည်း ဆက်လက်ကူညီပံ့ပိုး ဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်နေသော ဓာတ်ခွဲခန်းလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်စေရေး နှင့် ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်စေလိုကြောင်းနှင့် ဆေးဝါး နှင့်ကာကွယ်ဆေးများ စိစစ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဓာတ်ခွဲခန်းများနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များကိုမှာကြားသည်။
ယင်းနောက်ဒုတိယဝန်ကြီးက ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းများ(MSMEs) နှင့် စပ်လျဉ်းသည့် စားသောက်ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေးတို့ကို ပံ့ပိုးဆောင်ရွက်စေလိုကြောင်း မှာကြားသည်။
ထို့နောက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း၊ ညွှန်ကြားရေးမှူး(စီမံကိန်း/စစ်ဆေးရေး)မှ ဦးစီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိလုပ်ငန်းဆောင်ရွက်မှုကို တင်ပြခြင်း၊ ညွှန်ကြားရေးမှူး(စီမံ)မှ အဆင့်မြင့်ဓာတ်ခွဲခန်း(B) ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ပတ် သက်၍ တင်ပြခြင်း၊ ညွှန်ကြားရေးမှူး(ဆေးဝါး)မှ ဆေးဝါးဌာန၏ လုပ်ငန်းလက်ကျန်များလျော့ချရေး စီမံချက်နှင့်ပတ်သက်၍ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားကာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကို ရင်းနှီးစွာ လက်ရည်တစ်ပြင်တည်း သုံးဆောင်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ အဆင့်မြင့်ဓာတ်ခွဲခန်း (A) နှင့် (B) ဆောက်လုပ်ပြီးစီး၍ အသုံးပြုနေမှုအခြေ အနေများ၊ ဇီဝစံဓာတ်ခွဲခန်းနှင့် ဆေးဝါးဌာနခွဲတို့ကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


