နေပြည်တော် ၃  မတ် 

 

ငဖဲမြို့နယ် ပဒါန်းပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယာဉ်တစ်စီးပေါ်မှ စိတ်ကြွရူး သွပ်ဆေးပြား ၁၄ သိန်းကျော်နှင့် မောင်တောမြို့နယ်  ဝေသာလီကျေးရွာ မောင်တော-အငူမော်သွား ကားလမ်းဘေး၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈၇ ဒသမ ၇၅ သိန်းတို့အား ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

မူးယစ်တပ်ဖွဲ့စု(၁၅)မကွေးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂ ရက် ညပိုင်းက ငဖဲမြို့နယ် ပျဉ်းဝကျေးရွာရှိ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးစခန်းတွင် သိန်းကျော် မောင်းနှင်ပြီး ကျော်မင်းဦး(ခ)ကိုကျော်ကြီးနှင့် အောင်စိန်တို့လိုက်ပါလာသည့် ဒိုင်နာအမျိုး အစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သိန်းကျော် နှင့် ငွေကျပ် ၉,၁၈၉,ဝ၀ဝ ၊ လက်ကိုင်ဖုန်း ၅ လုံး ဖမ်းဆီးရမိခဲ့သည်။

 

ထို့အတူ ယင်းနေ့ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ မောင်တောမြို့နယ် ဝေသာလီကျေးရွာ မောင်တော-အငူမော်သွား ကားလမ်းဘေး၌ ရပ်ထားသည့် HINO အမျိုးအစားမော်တော်ယာဉ်အနီးသို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာသည့် မြင့်စိုး အား စစ်ဆေးရန်ရပ်တန့်စဉ် ၎င်းမှာထွက်ပြေးသွားသဖြင့် ယာဉ်အားစစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၇ ဒသမ ၇၅ သိန်းကို သိမ်းဆည်းရမိခဲ့ပြီး ပူးပေါင်းအဖွဲ့ဖြင့် ဆက်လက်ရှာဖွေရာ မြင့်စိုးအား မောင်တောမြို့၌ ဖမ်းဆီးရမိခဲ့သည်။

 

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

 

MDN