၄ မတ်

 

ပြည်သူတို့၏  အေးချမ်းသာယာရေးနှင့်  တရားဥပဒေစိုးမိုးရေးတို့သည် နိုင်ငံသားတိုင်းတွင်  တာဝန်ရှိသည်ဟု နိုင်ငံတော်၏အခြေခံမူတွင် ဖော်ပြထားပြီး ပြည်ထောင်စုအစိုးရသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်သည်။  အုပ်ချုပ်ရေးယန္တရားသည်  တရားဥပဒေစိုးမိုးရေးကို ဦးစားပေး ဆောင်ရွက်သည်။  ရပ်ရွာအေးချမ်းသာယာရေးကို  အဆင့်ဆင့်သော အုပ်ချုပ်ရေးအဖွဲ့အစည်းများက ဦးစားပေးဆောင်ရွက်သည်။

 


မြန်မာနိုင်ငံအတွင်းရှိ မြို့၊ ရွာများအရေးအရာကိစ္စများကို အုပ်ချုပ်ရေးကဏ္ဍမှ တာဝန်ယူဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊  ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်  ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဟူသည့် တာဝန်ကြီးလေးရပ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ဤသို့ဆောင်ရွက်ခြင်းသည်      ပြည်သူ့အကျိုးစီးပွားကို      အလေးထား  ဆောင်ရွက်ခြင်းဖြစ်၍ မွန်မြတ်ပေသည်။

 


ထိုမွန်မြတ်သောလုပ်ငန်းများကို   ဆောင်ရွက်နိုင်ရန်  နိုင်ငံသားအားလုံးတို့သည် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေပြီး ပြဋ္ဌာန်းထားသော ဥပဒေများကို လေးစားလိုက်နာဖို့လိုအပ်သည်။ ပြည်သူများအကျိုး အတွက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌  အခြေခံအကျဆုံးဖြစ်သည့်  ရပ်ရွာအခြေပြု တာဝန်ယူဆောင်ရွက်ကြသူများ၏ အခန်းကဏ္ဍမှာ အရေးကြီးသည်။

 


တိုင်းပြည်မြို့၊ ရွာများနှင့် ပြည်သူလူထုအကျိုးကို သယ်ပိုးထမ်းရွက်ကြရသူများဖြစ်၍ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန်၊ ဥပဒေနှင့်အညီလုပ်ကိုင်ဆောင်ရွက်ရန်၊ ပြည်သူလူထု၏ စံနမူနာပြဖြစ်ရန်အရေးကြီးသည်။ ရပ်ရွာများအရေးကို ဆောင်ရွက်နိုင်ရန်အတွက် ရပ်ရွာနေပြည်သူများက လုပ်ဆောင်ရမည့် ရပ်ကျေးတာဝန်၊ လိုက်နာရမည့် ကျင့်ဝတ်များနှင့်အညီ ရပ်ရွာအုပ်ချုပ်ရေးမှူးများကို    ရွေးချယ်တင်မြှောက်၍    အုပ်ချုပ်စီမံဆောင်ရွက်ကြသည်။

 


ထိုသို့ဆောင်ရွက်နိုင်ရန်  နိုင်ငံတော်က လုပ်ပိုင်ခွင့်၊  စရိတ်နှင့်ထောက်ပံ့ကြေးများပေးထားပြီး  ရပ်ရွာစီမံခန့်ခွဲရေး၊  ရပ်ရွာဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မိမိတို့ရပ်ရွာများကို  တာဝန်ခံထားကြသူများ ဖြစ်သည်။  ထို့ကြောင့်  ရပ်အကျိုး၊  ရွာအကျိုး၊  ပြည်သူများအကျိုးကိုရှေးရှု၍  တည်ဆဲဥပဒေများ၊  အမိန့်နှင့်ညွှန်ကြားချက်များကို  လေးစား  လိုက်နာကြရသူများဖြစ်သည်။ ရပ်ရွာများကို တာဝန်ယူဆောင်ရွက်ကြရ သူများဖြစ်စေ၊ ပြည်သူများဖြစ်စေ အားလုံးသောပြည်သူပြည်သားတို့သည်အခြေခံဥပဒေအောက်တွင်    ဥပဒေဘောင်အတွင်း    လိုက်နာကျင့်ကြံနေထိုင်ကြရသည်။

 


အခြေခံကျသည့်  ရပ်ရွာအုပ်ချုပ်ရေးလုပ်ငန်းများကို  ယခင်က ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် ရှိခဲ့သော်လည်း အများပြည်သူဆန္ဒအရ  ပိုမိုသင့်မြတ်ကောင်းမွန်သည့်  ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်တွင် ပြောင်းလဲတာဝန်ယူဆောင်ရွက်ပြီး ရပ်ရွာဒေသ များနှင့်ဆီလျော်မည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေရာ ရပ်ရွာဒေသဖွံ့ဖြိုးရေးအတွက် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။

 


လက်ရှိတွင်    ရခိုင်ပြည်နယ်အတွင်း        အချို့နေရာများတွင် မိုင်းပေါက်ကွဲမှုဖြစ်စဉ်များ၊ သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်၍ အပြစ်မဲ့ပြည်သူများ သေဆုံးရသည့်ဖြစ်စဉ်များ၊  မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းဟု မသိရသူများ၏ ဖမ်းဆီးခေါ်ဆောင်ခံရမှုများ၊ အစိုးရအဖွဲ့က တာဝန်ယူဖြေရှင်းနေရသည့် တိုက်ပွဲရှောင် ဒုက္ခသည်အရေးကိစ္စများသည် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသော ကိစ္စများသာဖြစ် သည်။ ထိုအချိန်ကာလတွင် မြောက်ဦးမြို့နယ်အတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးများက နုတ်ထွက်စာတင်ခြင်းသည် လုပ်ထုံးလုပ်နည်းများ လွဲမှားသကဲ့သို့ မိမိတို့ရပ်ရွာအကျိုးကို မျက်ကွယ်ပြုရာ ရောက်ပေသည်။

 


သို့ဖြစ်ရာ ထိုအရေးကိစ္စများနှင့်ပတ်သက်၍ ရပ်ရွာပြည်သူများအနေ ဖြင့်ဖြစ်စေ၊ ရပ်ရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်ဖြစ်စေ နိုင်ငံ၏ အခြေခံဥပဒေအောက်တွင် နေထိုင်ကြရခြင်းဖြစ်သည်။ နိုင်ငံတော်က ပြဋ္ဌာန်းထားသည့်ဥပဒေနှင့်အညီ မနေထိုင်ဘဲဖောက်ဖျက်သူများအား ခေါ်ယူစစ်ဆေးခြင်း၊ အရေးယူခြင်းတို့ကို နားလည်လက်ခံကြရမည်ဖြစ်သည်။ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးသည် မိမိတို့ရပ်ရွာဒေသ၊ မိမိတို့ပြည်သူများအရေးဖြစ်၍ ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင်ခြင်းဖြင့် ရပ်ရွာဒေသအေးချမ်းသာယာအောင် လက်တွဲပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။  

        

ကြေးမုံ