ရန်ကုန် ဩဂုတ် ၂၉
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း)သို့ ရောက်ရှိ ပြီး လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်းနှင့် မော်တော်ယာဉ်စက်ပြင်သင်တန်း ပို့ချနေမှုကို ကြည်ရှု့အားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ သင် တန်းသားများနှင့် တွေ့ဆုံပြီး NSSA မှတ်ပုံတင်ထားသည့် သင်တန်းကျောင်း ၂၁ ကျောင်း နှင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် ရရှိထားပြီး NSSA အသိအမှတ်ပြု မှတ်ပုံတင်ထားသည့် သင်တန်းကျောင်း ၁၄ ကျောင်းရှိကြောင်း၊ သင်တန်းကျောင်းအလိုက် ဆောက်လုပ်ရေးလုပ်သားနှင့် လက်သမားသင်တန်း၊ ငြမ်းဆင်သင်တန်း၊ ကြွေပြားကပ်သင်တန်း၊ ပိုက်ဆက်သင်တန်း၊ အုတ်စီသင်တန်း၊ ကျောက်ပုန်းရိုက် လုပ်သားသင်တန်း၊ အ ဆောက်အအုံ လျှပ်စစ်ဒီဇိုင်းသင်တန်း၊ ဂဟေဆက်သင်တန်း၊ အထည်ချုပ်သင်တန်း၊ အရောင်းဆိုင် ငွေကိုင်သင်တန်း၊ ဧည့်ကြိုလုပ်သားသင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေး လုပ်သားသင်တန်း၊ စက်ကိရိယာ ကိုင်တွယ်မောင်းနှင်သူသင်တန်း၊ အခြေခံမော်တော် ယာဉ်စက်ပြင်နှင့် အဆင့်မြင့် မော်တော်ယာဉ် စက်ပြင်သင်တန်းများ ဖွင့်လှစ်ပေး လျက်ရှိ ကြောင်း၊ သင်တန်းဆင်း လုပ်သားများအနေဖြင့် သင်တန်းမှ ပို့ချပေးခဲ့သည့် သင်ခန်းစာများကို လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးချရန်နှင့် ခေတ်နှင့်အညီ စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံစက်မှုဇုန်ရှိ Honey Garment Factory 1 Co.,Ltd နှင့် K.M.H Co.,Ltd အထည်ချုပ်စက်ရုံတို့သို့ ရောက်ရှိရာ စက်ရုံ တာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမား အဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး အလုပ်သမားရေးရာ အငြင်းပွားမှု လျော့နည်းပပျောက်စေရေး တည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


