နေပြည်တော် ဩဂုတ် ၂၉
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၄-၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၃၀) စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်း အဝေးတွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီသို့ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် စီမံကိန်းတန်ဖိုးပြောင်းလဲခြင်း အမှာစာ (၁၃)စောင်တို့ကို အတည်ပြုနိုင်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ စက်ကိရိယာပစ္စည်း ဝယ်ယူရေးလုပ်ငန်း စဉ်များ၊ ပစ္စည်းလက်ကျန်စီမံခန့်ခွဲခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊ စံကိုက် ချိန်ညှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ခြင်း၊ မှတ်တမ်းနှင့် အချက်အလက်ထိန်းသိမ်းခြင်း စသည့် အကြောင်းအရာများနှင့် စပ်လျဉ်းသည့် ကိစ္စများကို ဦးစီးဌာနအဖွဲ့အစည်း အသီးသီးက တစ်ပြေးညီလိုက်နာဆောင်ရွက်နိုင်ရေး လိုအပ်ပါသဖြင့် စက်ကိရိယာပစ္စည်း စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းကို ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်ပစ္စည်းကြီးကြပ် မှုကော်မတီ၏ မူဝါဒလုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင် စွာဆောင်ရွက်နိုင်စေရန် အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးကြပါရန် ပြောကြားသည်။
ယင်းနောက် စက်ပစ္စည်းကြီးကြပ်မှုကော်မတီသို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများမှ တင်ပြသည့် အမှာစာများကို ကော်မတီဝင်များနှင့် ဝန်ကြီးဌာန ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ စက်ကိရိယာ ပစ္စည်းစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းရေးဆွဲရာတွင် ပါဝင်သင့်သည့် အချက်အလက်များကို ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်းကြီးကြပ်ရေးကော်မတီသည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအများ၊ ဝန်ကြီးဌာနများတွင် အသုံးပြုလျက်ရှိသည့် သဘော သဘာဝမတူညီသည့် စက်ပစ္စည်းကိရိယာများကို ကြီးကြပ်စီမံခန့်ခွဲရမည်ဖြစ်၍ စီမံခန့်ခွဲရန် စနစ် လိုအပ်သောကြောင့် လုပ်ထုံးလုပ်နည်းကို ပြုစုရေးဆွဲရခြင်းဖြစ်ကြောင်း၊ ရေးဆွဲထားရှိ သည့် လုပ်ထုံးလုပ်နည်း မူကြမ်းကို ကော်မတီဝင်များသို့ ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ သဘော သာဝမတူညီသည့် စက်ကိရိယာပစ္စည်းများကို စီမံခန့်ခွဲနိုင်ရေးအတွက် ပြီးပြည့်စုံသည့် လုပ်ထုံးလုပ်နည်းဖြစ်စေရန် ဝန်ကြီးဌာနများမှ ပူးပေါင်းပါဝင်ဆောင် ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက စက်ကိရိယာပစ္စည်း စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်း ရေးဆွဲခြင်းနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


