(ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး၊ စူပါဆိုင်ကလုန်း)
ကိုကိုလှိုင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးကို Two Begums’ War (ဘွားတော်ကြီးနှစ်ဦး၏စစ်ပွဲ) ဟု နိုင်ငံတကာရေးရာ လေ့လာသူများက ဝိဂြိုဟ်ပြုလေ့ရှိကြသည်။ ဤအဆိုသည်လည်း မမှားပါ။ ၁၉၇၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်ပေါက်လာပြီး နောက်ပိုင်း အဓိကနိုင်ငံခေါင်းဆောင် ငါးဦးသာရှိခဲ့ရာ ရှိတ်မူဂျီ ဘူရာမန်၊ ဗိုလ်ချုပ်ကြီး ဇီယာရာမန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဟူစိန် မိုဟာမက် အာရှတ်၊ ဘီဂမ် ခါလီဒါဇီယာ (ဗိုလ်ချုပ်ကြီး ဇီယာရာမန်၏ဇနီး)နှင့် ဘီဂမ်ရှိတ်ဟာဆီနာ (ရှိတ်မူဂျီ ဘူရာမန်၏ သမီး)တို့ ဖြစ်ကြသည်။ ရှိတ်မူဂျီ ဘူရာမန်မှာ ၁၉၇၅ ခုနှစ်တွင် လုပ်ကြံခံခဲ့ရပြီး ဗိုလ်ချုပ်ကြီး ဇီယာရာမန်မှာ ၁၉၈၁ ခုနှစ်တွင် လုပ်ကြံခံခဲ့ရသည်။ ယင်းနောက် ဆက်ခံသည့် ဒုတိယဗိုလ်ချုပ်ကြီး အာရှတ်မှာ ၁၉၉၀ ပြည့်နှစ်တွင် အတိုက်အခံ နိုင်ငံရေးပါတီများ၏ အုံကြွဆန့်ကျင်မှုကြောင့် ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။
ထိုမှနောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အဓိကနိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်သော ခါလီ ဒါဇီယာ ဦးဆောင်သည့် BNP ပါတီနှင့် ရှိတ်ဟာဆီနာ ဦးဆောင်သည့် အဝါမီလိဂ်ပါတီတို့ကသာ အားပြိုင်နေခဲ့ကြကာ တစ်လှည့်စီ အာဏာရနေခဲ့ကြသည်။ ပါတီစုံဒီမိုကရေစီဟုဆိုသော်လည်း တစ်ပါတီအာဏာရလျှင် အတိုက်အခံပါတီက လွှတ်တော်မတက်ဘဲ သပိတ်မှောက်သည်။ ရွေးကောက်ပွဲ လုပ်သည့်အခါ တစ်ဖက်နှင့်တစ်ဖက် လုံးဝမယုံကြည်သဖြင့် သမ္မတက ကြားဖြတ်အစိုးရဖွဲ့ကာ ရွေးကောက်ပွဲလုပ်ပေးရသည်။
ခါလီဒါဇီယာ၏ ပါတီက ၁၉၉၁ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ အာဏာရခဲ့ပြီး ရှိတ်ဟာဆီနာက ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အာဏာရခဲ့သည်။ တစ်ဖန် ခါလီဒါဇီယာက ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အာဏာရခဲ့ပြီး နိုင်ငံရေးမတည်ငြိမ်သဖြင့် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ် နှစ်စပိုင်းအထိ ကြားဖြတ် အစိုးရများက အုပ်ချုပ်ခဲ့ရသည်။ ၂၀၀၉ ခုနှစ်တွင် ရှိတ်ဟာဆီနာ၏ပါတီ ရွေးကောက်ပွဲအနိုင်ရပြီးသည့် နောက်ပိုင်းမှစ၍ ခါလီဒါဇီယာ၏ပါတီမှာ ခေါင်းမထောင်နိုင်တော့ပေ။ ကြားဖြတ်အစိုးရက ရွေးကောက်ပွဲလုပ်ပေးရသည့် အခြေခံဥပဒေပြဋ္ဌာန်းချက်ကို ၂၀၁၁ ခုနှစ်တွင် အဝါမီလိဂ်ပါတီက ပယ်ဖျက်လိုက်သည့်နောက်ပိုင်း ၂၀၁၄ ခုနှစ်တွင် BNP ပါတီက ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် BNP ပါတီက ရွေးကောက်ပွဲဝင်ခဲ့သော်လည်း မရှုမလှအရေးနိမ့်ခဲ့ သည်။ BNP ပါတီက ရွေးကောက်ပွဲတွင် မဲမသမာမှု အလွန်များပြားကြောင်း စွပ်စွဲခဲ့သည်။ ၂၀၂၄ ရွေးကောက်ပွဲ၌ BNP ပါတီက ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်ခဲ့ပြန်သည်။
ဤသို့ဖြင့် ဘင်္ဂလားဒေ့ရှ်၏ နှစ်ပါတီနိုင်ငံရေး ဘတစ်ပြန်၊ ကျားတစ်ပြန်အုပ်စီးမှု (Duopoly) မှာ အာဏာရပါတီက လွှတ်တော်၌ တစ်ဖက်သတ် အုပ်စီးထားချိန်တွင် အတိုက်အခံပါတီက လွှတ်တော်ကို သပိတ်မှောက်၊ ရွေးကောက်ပွဲကို သပိတ်မှောက်၊ တစ်နိုင်ငံလုံး အိမ်ထဲမှ အပြင်မထွက်ရဟု အတင်းအကျပ် အကြမ်းဖက်ပိတ်ဆို့သည့် ဟာတားလ် (Hatel)ခေါ် အထွေထွေသပိတ်ပြုလုပ် စသည်ဖြင့် ရွေးကောက်ပွဲပြင်ပ လူအုပ်စုနိုင်ငံရေးပြုလုပ်ကာ နိုင်ငံရေးတည်ငြိမ်မှုကင်းမဲ့နေခဲ့သည်။ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားစသည့် လူ့အဖွဲ့အစည်း အသီးသီးတွင် နိုင်ငံရေးပါတီအလိုက် အသင်းအပင်းများ ဖွဲ့စည်းကာ အချင်းချင်း တိုက်ခိုက်နေခဲ့ကြသည်။
အကြမ်းဖက်အဖွဲ့အစည်းများနှင့် တရားမဝင် လက်နက်ခဲယမ်းများ ရောယှက်ပါဝင်လာသောအခါ တက္ကသိုလ်ကျောင်းဝင်းများအတွင်း ကျောင်းသား အဆောင်တစ်ဆောင်နှင့် တစ်ဆောင် လက်နက်ငယ် များနှင့်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားသည်အထိ ဖြစ်ခဲ့သည်။ နိုင်ငံရေးပါတီများ၏ လူထုစည်းဝေးပွဲများတွင် ဗုံးဖောက်ခွဲမှု၊ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်မှု စသည့် နိုင်ငံရေးအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ ရှိတ်ဟာဆီနာ ကိုယ်တိုင်ပင်လျှင် အတိုက်အခံ ခေါင်းဆောင်ဘဝက ၂၀၀၄ ခုနှစ်တွင် လူထုစည်းဝေး ပွဲတစ်ခု၌ လက်ပစ်ဗုံးဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရဖူးပြီး အသက်ဘေးမှ သီသီလေးလွတ်ခဲ့ရဖူးသည်။ ထိုအချိန်မှစ၍ ရှိတ်ဟာဆီနာနှင့် ခါလီဒါဇီယာတို့မှာ ကမ္ဘာကြေသော်လည်း ရန်ငြိုးမပြေသည့် ကမ္ဘာ့ရန်များ ဖြစ်သွားခဲ့ကြရလေသည်။
၂၀၀၉ ခုနှစ်နောက်ပိုင်း ရှိတ်ဟာဆီနာ၏ အဝါမီလိဂ်ပါတီ ဆက်တိုက် အာဏာကို ကိုင်စွဲထား နိုင်ခဲ့သောအခါ အတိုက်အခံပါတီများနှင့် ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများကို အင်အားသုံး၍ ဖိနှိပ်ချေမှုန်းခြင်းဖြင့် နိုင်ငံရေး တည်ငြိမ်မှုကို အကြမ်းနည်းဖြင့် တည်ဆောက်ခဲ့သည်။ အခြားတစ်ဖက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုကို ဦးစားပေးဆောင်ရွက်ခဲ့သည်။
အကျိုးဆက်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးမှာ ရှိတ်ဟာဆီနာ၏ လက်ထက်တွင် သိသိသာသာတိုးတက်ခဲ့သည်။ ရှိတ်ဟာဆီနာ စတင်တာဝန်ယူသည့် ၂၀၀၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဂျီဒီပီတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၅ ဘီလီယံသာရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်သို့ ရောက်သော အခါ ၄၃၇ ဒသမ ၄၂ ဘီလီယံရှိလာခဲ့ပြီး လေးဆ ကျော်ဖြစ်လာခဲ့သည်။ တစ်ဦးချင်းဝင်ငွေမှာ ၂၀၀၉ ခုနှစ်တွင် ၆၉၈ ဒသမ ၅ ဒေါ်လာရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် တွင် ၂၆၈၈ ဒေါ်လာသို့ ရောက်ရှိလာခဲ့သည်။ ထိုသို့ အထင်ကြီးလေးစားလောက်ဖွယ် အောင်မြင်မှုများ ရရှိလာသည်နှင့်အမျှ ရှိတ်ဟာဆီနာက “ဘင်္ဂလားဒေ့ရှ်၏ ၂၀၄၁ မျှော်မှန်းချက်” (Bangladesh Vision 2041) ဆိုသည်ကို ထုတ်ဖော် လာခဲ့သည်။ အဆိုပါ မျှော်မှန်းချက်အရ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ၂၀၃၀ ပြည့်နှစ်တွင် အလယ်အလတ် အမြင့်ပိုင်း ဝင်ငွေရှိသည့်နိုင်ငံ (တစ်ဦးကျဝင်ငွေ ဒေါ်လာ ၅၇၀၀)၊ ၂၀၄၁ ခုနှစ်တွင် ဖွံ့ဖြိုးပြီးဝင်ငွေ မြင့်မားသည့်နိုင်ငံ (တစ်ဦးကျဝင်ငွေ ဒေါ်လာ ၁၂၅၀၀)အဖြစ် ရောက်ရှိလာစေရန် မျှော်မှန်းခဲ့ခြင်း ဖြစ်သည်။
အခြေခံအဆောက်အအုံ အပိုင်းတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခင်က မမြင်ဖူး မကြားဖူးသည့် မြစ်ကူးတံတားကြီးများ၊ အဝေးပြေးလမ်းမကြီး များ၊ ဒါကာ-စစ်တကောင်းမြန်နှုန်းမြင့် ရထားလမ်း၊ ဒါကာမြို့ပတ်မြေအောက်ရထားလမ်း စသည်တို့ကို (တရုတ်နိုင်ငံ၏ ချေးငွေနှင့် နည်းပညာအကူအညီဖြင့်) တည်ဆောက်ခဲ့သည်။ စွမ်းအင်အပိုင်းတွင်လည်း ဒါကာအနောက်မြောက်ဘက် ရုပ္ပူးဒေသ၌ စက်ရုံတစ်ရုံလျှင် ၁၂၀၀ မဂ္ဂါဝပ် စွမ်းအားရှိ နျူကလီးယား စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ နှစ်ရုံကို (ရုရှားနည်းပညာဖြင့်) တည်ဆောက်ခဲ့သည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ တတိယသက်တမ်း (၂၀၁၉-၂၀၂၃) ကုန်ဆုံးလုနီးကာလ၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏အနေအထားမှာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုတွင်လည်း ကမ္ဘာပေါ်တွင် စီးပွားရေးတိုးတက်မှုနှုန်း အမြန်ဆုံးနှင့် အမြင့်ဆုံးနိုင်ငံတစ်ခု ဖြစ်နေသကဲ့သို့ နိုင်ငံရေးအပိုင်းတွင်လည်း အတိုက်အခံမှန်သမျှကို ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်ထားမှုကြောင့် အတော်ပင် တည်ငြိမ်နေပြီဖြစ်သည်။ အကြမ်းဖက် အုပ်စုများကိုလည်း RAB (Rapid Action Battalion)အထူးတပ်ဖွဲ့ဖြင့် ပိုက်စိပ်တိုက် နှိမ်နင်းခဲ့သဖြင့် အကြမ်းဖက်ခေါင်းဆောင်အများစုမှာ သေသူသေ၊ ထောင်ကျသူကျ၊ တောထဲတောင်ထဲသို့ ထွက်ပြေးသူ ပြေးဖြင့် အင်အားပြိုကွဲလျက်ရှိသည်။ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအပေါ် လူထု၏ ထောက်ခံမှုမှာလည်း လူထုသဘောထား စစ်တမ်းများအရ ၇၀ ရာခိုင်နှုန်း ရှိနေရာ ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် သပိတ်ဝင်အိတ်ဝင် အနိုင်ရမည့် အခြေအနေဟု ဆိုနိုင်လေသည်။
သို့တိုင်အောင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ရွေးကောက်ပွဲ၌ အနိုင်ရပြီး ရှစ်လအကြာတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာမှာချက်ပြီး ထမင်းဟင်း များကိုပင် မစားလိုက်ရဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် နိုင်ငံမှ ထွက်ခွာသွားခဲ့ရသည့်အဖြစ်မှာ မယုံနိုင်လောက်အောင်ပင် ဆန်းကြယ်လွန်းလှသည်။ အဘယ်အကြောင်း တရားများကြောင့် ထိုသို့ ဖြစ်ခဲ့ရပါသနည်း။
အတိုက်အခံတို့၏ နည်းဗျူဟာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို “ဇိကုပ်၍ နတ်ပြည်တင်” လိုသည့် ရှိတ်ဟာဆီနာ၏ စီမံကိန်းမှာ ခြောက်ပစ်ကင်း သဲလဲစင် အောင်မြင်သည်တော့မဟုတ်ပေ။ နှစ်ရှည်လများ နှိပ်ကွပ်ခံခဲ့ကြရသည့် အတိုက်အခံများက ရှိတ်ဟာဆီနာနှင့် အဝါမီလိဂ်ပါတီကို ဆတ်ဆတ်ခါအောင် နာကြည်းခဲ့ကြသည်။ ၂၀၂၄ ရွေးကောက်ပွဲနီးကပ်လာချိန်၌ အတိုက်အခံတို့၏ နိုင်ငံရေးနည်းဗျူဟာမှာ ပြည်တွင်းလွှတ်တော် နိုင်ငံရေး၌ အဝါမီလိဂ်ပါတီကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်သဖြင့် လွှတ်တော်ပြင်ပ လူထုအုံကြွ ဆန့်ကျင် လှုပ်ရှားမှုဖြင့် ရှိတ်ဟာဆီနာအစိုးရကို ဖြုတ်ချရန်၊ နိုင်ငံတကာနယ်ပယ်တွင် အဝါမီလိဂ်ပါတီ၏ လူ့အခွင့်အရေးဖောက်ဖျက်မှု၊ ရွေးကောက်ပွဲ မသမာမှုနှင့် ဒီမိုကရေစီကိုဆန့်ကျင်၍ အတိုက်အခံများအား အဓမ္မဖိနှိပ်မှုများကို အကြောင်းပြု၍ နိုင်ငံတကာဒီမိုကရေစီ ဦးဆောင်နိုင်ငံများ (အနောက်နိုင်ငံများ) နှင့် နိုင်ငံတကာအဖွဲ့အစည်းများထံ ချဉ်းကပ်ကာ ရှိတ်ဟာဆီနာအစိုးရကို ဖိအားပေးစေ ရန်ဟူသည့် နည်းလမ်းနှစ်မျိုးဖြင့် ဆောင်ရွက်ရန် ဖြစ်လေသည်။
ရွေးကောက်ပွဲမတိုင်မီကာလ လူထုအုံကြွ ဆန့်ကျင်မှုနည်းလမ်းမှာမူ များစွာမအောင်မြင် လှပေ။ အဓိကအကြောင်းရင်းမှာ အတိုက်အခံ BNP ၏ ခေါင်းဆောင်ပိုင်းအားလုံးလိုလိုမှာ လှုပ်မရအောင် ဖိနှိပ်ခံထားရသဖြင့် ဦးဆောင်မှုကင်းမဲ့နေ ခြင်းကြောင့်ဖြစ်၏။ BNP ပါတီဥက္ကဋ္ဌ ခါလီဒါဇီယာမှာ အဂတိလိုက်စားမှုဖြင့် ပြစ်ဒဏ်ကျနေပြီး ကျန်းမာရေးလည်း အကြီးအကျယ်ချို့ယွင်းကာ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံးရောဂါပေါင်းစုံဖြင့် အိပ်ရာထဲ၌ လဲနေသည်။ ခါလီဒါဇီယာ၏သား တာဂျစ်ရာမန်မှာလည်း အဂတိလိုက်စားမှုဖြင့် မျက်ကွယ်တွင် တရားစီရင်ပြစ်ဒဏ်ချခံထားရကာ ဗြိတိန်နိုင်ငံတွင် တိမ်းရှောင်နေရသည်။
အခြား ထိပ်တန်းပါတီခေါင်းဆောင်များနှင့် အလယ်အလတ်တန်း ခေါင်းဆောင်များမှာလည်း ရာနှင့်ချီ၍ ထိန်းသိမ်းခံထားရသည်။ ထို့ကြောင့် လူထုအုံကြွမှု ပြုလုပ်သော်လည်း မှန်းသလောက် လူမစုနိုင်သည့်အပြင် ရဲတပ်ဖွဲ့၏ အင်အားသုံး နှိမ်နင်းမှုကိုခံရသဖြင့် အရေးနိမ့်ခဲ့ရသည်။
လူ့အခွင့်အရေးနှင့်ပတ်သက်သည့် နိုင်ငံတကာဖိအားပေးရေး နည်းလမ်းမှာမူ အတော်အတန် အလုပ်ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။ အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံများက တရုတ်နှင့် ရုရှားနိုင်ငံတို့အပေါ် ပိုမိုမှီခိုလာသည့် ဘင်္ဂလား ဒေ့ရှ်အစိုးရအား အမြင်မကြည်လင်တော့သည့် အလျောက် လူ့အခွင့်အရေးကို အကြောင်းပြကာ သံတမန်ရေးနှင့် နိုင်ငံရေးအရ လှည့်ပတ်၍ ပြဿနာရှာကာ ဖိအားပေးခဲ့သည်။ ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်ခဲ့သည်ဟု ကျော်စော သတင်းရှိသူများနှင့် အကြမ်းဖက်အုပ်စုများအား နှိမ်နင်းရာတွင် အလွန်အကျွံ အင်အားသုံးသည်ဟု စွပ်စွဲခံရသည့် RAB အထူးတပ်ဖွဲ့ခေါင်းဆောင်များကို အမေရိကန်သို့ ပြည်ဝင်ခွင့်ဗီဇာ ရုပ်သိမ်းခဲ့သည်။ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် အမေရိကန်၌ ကျင်းပသည့် ဒီမိုကရေစီနိုင်ငံများ ထိပ်သီးညီလာခံသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မဖိတ်ကြားဘဲ ဖယ်ကြဉ်ထားခဲ့သည်။ အမေရိကန်ထိပ်တန်းအရာရှိများကို စေလွှတ်၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးမထားလျှင် ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို လျှော့ချမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ရှိတ်ဟာဆီနာနှင့် အဝါမီလိဂ်ပါတီ ခေါင်းဆောင် များကလည်း အနောက်နိုင်ငံများ၏ ဖိအားပေးမှုကို ခေါင်းငုံ့မခံဘဲ တုံ့ပြန်ခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ဧပြီလတွင် ဘင်္ဂလားဒေ့ရှ်လွှတ်တော်၌ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက မိန့်ခွန်းပြောကြားခဲ့ရာတွင် အမေရိကန်နိုင်ငံကို တဲ့တိုးပင် ဖော်ထုတ်၍ ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ ရှိတ်ဟာဆီနာက အမေရိကန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်တွင် ဒီမိုကရေစီကို ဆိတ်သုဉ်းအောင်ပြုလုပ်နေပြီး ဒီမိုကရေစီ မကျင့်သုံးသည့် အစိုးရတစ်ရပ် ပေါ်ထွက်လာစေရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။ အမေရိကန်သည် ဒီမိုကရေစီစံနှုန်းများအား အတ္တလန္တိတ်သမုဒ္ဒရာကို ကျော်လွန်၍ ကျင့်သုံးမှုမရှိ (ပြည်ပနိုင်ငံများတွင် ဒီမိုကရေစီကို ဘေးချိတ်ထားကာ ဝင်ရောက်စွက်ဖက် သည်) ဟု ဆိုခဲ့သည်။ “သူတို့က ဘယ်နိုင်ငံက အစိုးရကိုမဆို ဖြုတ်ချနိုင်တယ်။ အထူးသဖြင့် မွတ်စလင်နိုင်ငံတွေကတော့ ပိုပြီးဆိုးတာပေါ့”ဟု ဟာဆီနာက ပြောကြားခဲ့သည်။
အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများက ရှိတ်ဟာဆီနာ၏ အာဏာရပါတီကို တစ်ဖက်က ဖိအားပေးခဲ့သလို အခြားတစ်ဖက်တွင်လည်း အတိုက်အခံအုပ်စုများနှင့် ပိုမိုထိတွေ့ဆက်သွယ် လာခဲ့ရာ အဝါမီလိဂ်နှင့် အမေရိကန် ဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့လေသည်။
၂၀၂၄ ခုနှစ်ရွေးကောက်ပွဲနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များ
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် အဓိက အတိုက်အခံ BNP ပါတီက ၄၈ နာရီ ပြည်လုံးကျွတ် သပိတ်မှောက်ကြရန် လှုံ့ဆော်နေသည့်အကြားမှ ဇန်နဝါရီလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပ ခဲ့သည်။ ဆန္ဒမဲပေးရန် မှတ်ပုံတင်ထားသူ ၁၁၉ သန်းအနက်မှ သန်း ၅၀ ကျော် လာရောက်မဲပေးခဲ့ကြပြီး ဆန္ဒမဲပေးသူ ရာခိုင်နှုန်းမှာ ၄၁ ရာခိုင်နှုန်း ကျော်ဖြစ်သည်ဟုဆိုသည်။ လွှတ်တော်တစ်ရပ်တည်း သာရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွေးကောက်ခံ အမတ်နေရာ ၃၀၀ ရှိသည့်အနက် ရှိတ်ဟာဆီနာ ၏ အဝါမီလိဂ်ပါတီက ၂၂၄ နေရာ (၇၄ ဒသမ ၆ ရာခိုင်နှုန်း) အနိုင်ရရှိသည်။ အာရှတ်ထူထောင်ခဲ့သည့် ဂျာတီယပါတီက ၁၃ နေရာ၊ ပါတီငယ်သုံးခုက သုံးနေရာနှင့် အဝါမီလိဂ်နှင့် နီးစပ်သော တစ်သီး ပုဂ္ဂလများက ၆၂ နေရာရရှိသည်ဟု ဆိုသည်။ အဓိကအတိုက်အခံပါတီများဖြစ်သော BNP နှင့် ဂျမ္မတ်အီ အစ္စလာမီပါတီတို့က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အစိုးရအဖွဲ့သစ် နှင့်အတူ အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် ရှိတ်ဟာ ဆီနာသည် စတုတ္ထသက်တမ်းအတွက် ဝန်ကြီးချုပ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ အသက်အရွယ် အနေအထားအရ ဤသက်တမ်းသည် ရှိတ်ဟာ ဆီနာ၏ နိုင်ငံရေးဘဝတွင် နောက်ဆုံးတာဝန် ထမ်းဆောင်ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။
သို့ရာတွင် အတိုက်အခံများနှင့် အဝါမီလိဂ် အစိုးရကို ဖြုတ်ချလိုသူ ပယောဂများကမူ ဤနောက်ဆုံး သက်တမ်းပြီးဆုံးသွားသည်အထိပင် စောင့်ဆိုင်းလိုဟန်မရှိပေ။ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ အကြိုနှင့် ရွေးကောက်ပွဲလွန်ကာလများတွင် နိုင်ငံရေး လှုပ်ရှားမှုများကို သိုသိပ်စွာ စတင်ခဲ့ကြသည်။
ကျွဲလေးကောင်အကြားမှ မြေစာပင်ဘဝ
အင်အားကြီးအုပ်စုနှစ်ခု၏ အားပြိုင်မှုအကြားမှ နိုင်ငံငယ်တစ်ခု၏ဘဝကို ကျွဲနှစ်ကောင်ခတ်သည့် အကြားမှ မြေစာပင်နှင့် နှိုင်းကြသည်ဟုဆိုပါလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဖြစ်သနစ်မှာမူ “ကျွဲလေးကောင်အကြားမှ မြေစာပင်” ဟု ဆိုရဖွယ် ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့မဟာဗျူဟာ အင်အားကြီးနိုင်ငံများဖြစ်သော တရုတ်နှင့် အမေရိကန်တို့၏ အားပြိုင်မှုအကြား၌ လည်းကောင်း၊ တောင်အာရှ အင်အားကြီးနှစ်နိုင်ငံဖြစ်သော အိန္ဒိယ နှင့် ပါကစ္စတန်တို့၏ အားပြိုင်မှုအကြား၌ လည်းကောင်း ကျရောက်နေခဲ့ရသောကြောင့် ဖြစ်ပါသည်။
ရှိတ်ဟာဆီနာ၏ အဝါမီလိဂ်ပါတီအစိုးရမှာ နောက်ပိုင်းတွင် အိန္ဒိယ၊ တရုတ်တို့နှင့် ပိုမို နီးကပ်စွာ ဆက်ဆံခဲ့သည်ကို တွေ့မြင်ရသည်။ အတိုက်အခံဖြစ်သော BNP နှင့် ဂျမ္မတ်အီ အစ္စလာမီ ပါတီတို့မှာ ပါကစ္စတန်နှင့် အနောက်အုပ်စုတို့နှင့် ပို၍ အလွမ်းသင့်သည်။
ရှိတ်ဟာဆီနာနှင့် အနောက်အုပ်စုတို့၏ သဘောထားကွဲပြားတင်းမာမှုမှာ ရွေးကောက်ပွဲလွန် ကာလတွင် ပို၍ထင်ရှား သိသာလာသည့်သဘောကို တွေ့မြင်ရပါသည်။ ၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲရလဒ်ကို အိန္ဒိယ၊ တရုတ်နှင့် ရုရှား နိုင်ငံတို့က လျင်မြန်စွာ အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုခဲ့ကြသော်လည်း၊ အမေရိကန်နှင့် ဗြိတိန်တို့ကမူ လွတ်လပ်၍ မျှတသောရွေးကောက်ပွဲ မဟုတ်ဟု ပြစ်တင်ဝေဖန်ခဲ့ကြသည်။
ရှိတ်ဟာဆီနာကလည်း အနောက်အုပ်စု၏ လျှို့ဝှက်ကြံစည်မှုကို ၂၀၂၄ ခုနှစ် မေလတွင် ထုတ်ဖော်ဖွင့်ချခဲ့သည်။ မေလ ၂၃ ရက်နေ့တွင် မဟာမိတ် ၁၄ ပါတီ တွေ့ဆုံသည့် အစည်းအဝေး၌ ရှိတ်ဟာဆီနာက “ဘင်္ဂလားဒေ့ရှ် (စစ်တကောင်း ဒေသ)နှင့် မြန်မာနိုင်ငံမှ နယ်မြေများ ပါဝင်သည့် အရှေ့တီမောကဲ့သို့ အလားတူ ခရစ်ယာန်နိုင်ငံသစ် တစ်ခုကို ဖန်တီးရန်အတွက် ဘင်္ဂလားဒေ့ရှ်ပင်လယ် အော်ဒေသ၌ လေတပ်စခန်းတစ်ခု တည်ဆောက်ခွင့်ပေးရန် လူဖြူတစ်ဦးက ရွေးကောက်ပွဲမတိုင်မီ ကာလက မိမိထံလာရောက် ကမ်းလှမ်းခဲ့ကြောင်း၊ ဤကိစ္စကို သဘောတူပါက ရွေးကောက်ပွဲတွင် မည်သည့်အနှောင့်အယှက် အဟန့်အတားမျှမဖြစ် စေဘဲ အောင်မြင်စွာ ပြီးစီးစေရမည်ဟု အာမခံခဲ့ ကြောင်း” ပြောကြားခဲ့သည်။ “ထိုကမ်းလှမ်းမှုကို မိမိက သဘောမတူ ပယ်ချခဲ့ခြင်းသည်ပင်လျှင် ထိုသူတို့အတွက် မိမိ၏ အကြီးဆုံးပြစ်မှုကြီး ဖြစ်သွားခဲ့ကြောင်း၊ ရှေ့ဆက်၍လည်း ဒုက္ခပေးလာ ဖွယ်ရှိကြောင်း၊ သို့သော် မစိုးရိမ်ကြစေလိုကြောင်း” လည်း ဟာဆီနာက ပြောကြားခဲ့သည်။
ရှိတ်ဟာဆီနာက လာရောက်ချဉ်းကပ်သူ လူဖြူသည် မည်သည့်နိုင်ငံမှဖြစ်ကြောင်း ဖော်ထုတ်ခဲ့ခြင်း မရှိသော်လည်း အဝါမီလိဂ်ပါတီ၏ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဆာဒ်ရူး အာမက်ခန်း ကမူ အမေရိကန်သည် နတ်မြစ်ဝရှိ စိန့်မာတင်ကျွန်း၌ ရေတပ်စခန်းဌာနချုပ်တစ်ခု တည်ဆောက်ထားရှိ ခွင့်ရရေး ကြိုးပမ်းနေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် NUG နှင့် PDF ကဲ့သို့ အစိုးရဆန့်ကျင်ရေးအင်အားစုများနှင့် မြန်မာနိုင်ငံ ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင် ကူကီးချင်းသူပုန်များကို ထောက်ပံ့ကူညီနိုင်ရေးအတွက် တောင်အာရှဒေသကိုဖြတ်၍ လမ်းကြောင်းဖောက်လုပ်ရန် ကြိုးပမ်းနေသည်မှာ ထင်ရှားလှကြောင်း၊ အိန္ဒိယသတင်းစာတစ်စောင်နှင့် တွေ့ဆုံမေးမြန်း ခန်းတွင် ပြောကြားခဲ့သည်။
မဟာမိတ် ၁၄ ပါတီနှင့် တံခါးပိတ်ဆွေးနွေး ရာ၌ မိမိတို့အစိုးရကို ဖြုတ်ချရေးအတွက် လျှို့ဝှက်ကြံစည်မှုများရှိနေပြီး မိမိသည်လည်း မိမိ၏ဖခင် (ရှိတ်မူဂျီ ဘူရာမန်)ကဲ့သို့ ကံကြမ္မာမျိုးဖြင့် တွေ့ကြုံရနိုင်ကြောင်း၊ သို့သော် မိမိကတော့ အောက်ကျို့ အရှုံးပေးမည်မဟုတ်ကြောင်းလည်း ရှိတ်ဟာဆီနာ က ပြောကြားခဲ့သည်ဟုဆိုသည်။
ယမ်းအိုးနှင့်မီးပွား
ရှိတ်ဟာဆီနာအနေဖြင့် သူ့ကိုဖြုတ်ချရန် လျှို့ဝှက်ကြံစည်နေမှုအပေါ် ကြိုတင်သိရှိခဲ့သည့် တိုင်အောင် အခြေအနေကို ကောင်းစွာထိန်းသိမ်း ကျော်လွှားနိုင်လိမ့်မည်ဟု စိတ်ချယုံကြည်ခဲ့ဟန် တူသည်။ ရွေးကောက်ပွဲကိုလည်း သောင်ပြိုကမ်းပြို နိုင်ခဲ့ပြီးပြီ။ လူထုထောက်ခံမှုလည်း ရှိနေသည်။ အတိုက်အခံအများစုကိုလည်း ထိန်းချုပ်ထားသည်။ ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ်ကိုလည်း ဟာဆီနာ၏ လူယုံတစ်ဦးလည်းဖြစ်၊ တူမဝမ်းကွဲ၏ ခင်ပွန်း လည်းဖြစ်သော ဗိုလ်ချုပ်ကြီး ဝါကာဥဇမန်ကို စစ်ဦးစီး အရာရှိချုပ် (ကြည်း) အဖြစ် ရွေးကောက်ပွဲမတိုင်မီ လေးတွင်ပင် ခန့်ထားခဲ့ပြီး ရာထူးသက်ခြောက်လ မျှနှင့်ပင် ကြည်းတပ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့် ပေးခြင်းဖြင့် စိတ်ချရအောင် ပြုလုပ်ထားခဲ့သည်။
သို့ရာတွင် နိုင်ငံရေးစစ်တုရင်ပွဲ၌ တစ်ဖက်မှ ယှဉ်ပြိုင်ကစားနေသူများတွင်လည်း အားသန်သည့် ကစားကွက်များရှိနေသည်။ ရွေးကောက်ပွဲဖြင့် တင်မြှောက်ထားသည့်အစိုးရတစ်ရပ်တွင် တရား ဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို တရားဝင် ဆောင်ရွက်ခွင့်ရှိရာ ယင်းကို နိုင်ငံရေးအန်တုမှုဖြင့် လူထုအုံကြွမှုဖြင့်ဖြုတ်ချရေးမှာ လွယ်ကူသည့်ကိစ္စ တော့ မဟုတ်ပေ။
ပထမဆုံးလိုအပ်ချက်မှာ အုံကြွမှုတွင်ပါဝင်မည့် လူထု၌ အစိုးရအပေါ် မကျေနပ်သည့်စိတ်များ အခြေခံအားဖြင့်ရှိနေရေးဖြစ်သည်။ ယင်းမှာ ပေါက်ကွဲ လွယ်သည့် ယမ်းအိုးကြီးနှင့်တူသည်။ ထို့နောက် လူထု၏ မကျေနပ်စိတ်များကို ပေါက်ကွဲသွားအောင် ဖောက်ခွဲပြစ်နိုင်သည့်ပြဿနာ မီးပွားတစ်ခု ပေါ်ပေါက် လာပါက ယင်းမီးပွားကို စနက်တန်၌ ရှို့၍ အစပျိုး ပေးလိုက်ကာ အခြေအနေကို ထိန်းမရအောင် ဖောက်ခွဲလိုက်ရန်ဖြစ်သည်။ ယင်းလုပ်ငန်းကို တက်တက်ကြွကြွ ဦးဆောင်လုပ်ကိုင်ပေးမည့် တက်ကြွလှုပ်ရှားသူများကိုမူ ကြိုတင်မွေးမြူ စုစည်း ထားရန်လိုသည်။
ဘင်္ဂလားဒေ့ရှ် အရေးအခင်းတွင် အခြေခံ ယမ်းအိုးမှာ အခြေခံပြည်သူလူထု၏ စားဝတ်နေရေး မပြေလည်မှုဖြစ်သည်။ ရှိတ်ဟာဆီနာလက်ထက် တွင် နိုင်ငံ၏စီးပွားရေး တစ်ဟုန်ထိုးတိုးတက်ခဲ့သည် မှန်သော်လည်း၊ စီးပွားရေးတိုးတက်မှုနှင့်အတူ ငွေကြေးဖောင်းပွမှုက လိုက်ပါလာပြီး အခြေခံ လူသုံးကုန်နှင့် စားကုန်ဈေးနှုန်းတို့ ကြီးမြင့်လာသည်။ သို့သော် အောက်ခြေလူတန်းစားတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေက လုံလောက်အောင် တိုးတက်မလာသဖြင့် မကျေနပ်မှုများရှိနေကြသည်။ ဤအထဲတွင် စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ ယှဉ်တွဲပါလာလေ့ရှိသော ဗျူရိုကရေစီယန္တရား၏ အကျင့်ပျက်ခြစားမှုနှင့် အောက်ခြေလူထုအပေါ် ဖိစီးအနိုင်ကျင့်မှုများက အစိုးရကို အမြင်ဆိုးများ ဖန်တီးပေးခဲ့သည်။ ရွေးကောက်ပွဲအကြိုကာလ နိုင်ငံရေးမတည်ငြိမ်မှုနှင့် အတိုက်အခံများအား စုပြုံဖမ်းဆီးမှုများကလည်း အတိုက်အခံဘက်နှင့် နှီးနွှယ်သူများ၏ နာကြည်းမုန်းတီးမှုများကို ကြီးထွားစေခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)