နေပြည်တော် သြဂုတ် ၃၀
မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်နှင့် ရန်ကုန်တို့တွင် တစ်ပြိုင်တည်းဖွင့်လှစ်ခဲ့သည့် ဒီပလိုမာစာရင်းကိုင် (Diploma in Accountancy - DA) (ပထမပိုင်း) သင်တန်း၊ အမှတ်စဉ် - ၄၃ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦး၊ အမြဲတမ်း အတွင်းဝန်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသား များက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမမှလည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ် သင်တန်းကျောင်း၊ နဝဒေးခန်းမမှ Online ဖြင့် လည်းကောင်း တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိ ဘဏ္ဍာရေးအရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲလျက် အကျိုးရှိရှိ အသုံးချနိုင်ရေးသည် ပဓာနကျသည့်အချက်ဖြစ်ပါကြောင်း၊ စာရင်းပညာရပ်များသည် နိုင်ငံနှင့် လုပ်ငန်း၊ အဖွဲ့အစည်း များ၏ ဘဏ္ဍာရေးအခြေအနေမှန်ကို သိရှိနိုင်ပြီး ထိရောက်အကျိုးရှိစွာ ခွဲဝေသုံးစွဲနိုင်ရန်အတွက် ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်သည့် ပညာရပ်ဖြစ်ပါကြောင်း။
ယခုသင်တန်းသည် စာရင်းပညာကို စတင်လေ့လာကြသူများအတွက် အခြေခံကောင်း များရရှိစေပြီး စာရင်း ပညာရှင်အဆင့်သို့ တက်လှမ်းနိုင်မည့် အရေးပါသောသင်တန်း တစ်ခုဖြစ်ပါကြောင်း၊ သင်တန်းသား များအနေဖြင့် သင်တန်းကာလတစ်လျှောက် ဇွဲလုံ့လဝီရိယ ထားကာ လေ့လာသင်ယူခဲ့သည့် ပညာရပ်များကို အကျိုးရှိရှိအသုံးချလျက် စာရင်းကျွမ်းကျင်သူများအဖြစ် မိမိကိုယ်တိုင်၏ဖွံ့ဖြိုး တိုးတက်မှုသာမက ဌာနအကျိုးနှင့်နိုင်ငံ့အကျိုးကို ဆထက်တိုး သယ်ပိုးဆောင်ရွက်နိုင်သည်အထိ ကြိုးစားသွားကြစေ လိုပါကြောင်း၊ ထို့ပြင် စာရင်းပညာရပ်ဆိုင်ရာများသာမက ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် နည်းပညာဆိုင်ရာများကိုလည်း လေ့လာသွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
အဆိုပါသင်တန်းကို (၁၀)လကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး နေပြည်တော်သင်တန်းကျောင်းတွင် ဝန်ကြီးဌာန အသီးသီးမှသင်တန်းသား (၁၀၅) ဦးနှင့် ရန်ကုန်သင်တန်းကျောင်းတွင် သင်တန်းသား(၆၁)ဦး စုစုပေါင်း (၁၆၆)ဦး တက်ရောက်ပြီးမြောက်ခဲ့ပြီး လာမည့်အောက်တိုဘာလတွင် အရည်အချင်းစစ်စာမေးပွဲ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


