နေပြည်တော် ဩဂုတ် ၃၀

 

(၂၃)ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးကို ယနေ့တွင် အိန္ဒိယနိုင်ငံ ဗဟိုဘဏ်မှ Virtual စနစ်ဖြင့် ကြီးမှူးကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ဒေါက်တာလင်းအောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Virtual ဖြင့် တက်ရောက်သည်။

 

အစည်းအဝေးတွင် အိန္ဒိယနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ Dr. Michael Debabrata Patra နှင့် SEACEN ခေတ္တအမှုဆောင်ဒါရိုက်တာ Dr. Srichander Ramaswamy တို့က အဖွင့်အမှာစကားများ ပြောကြားသည်။  

 

ဆက်လက်၍ SEACEN ခေတ္တအမှုဆောင်ဒါရိုက်တာမှ (၂၂)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ခဲ့သည့် ကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ်အတွင်း SEACEN Centre ၏ လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ လာမည့် ၂၀၂၅ ခုနှစ်တွင် ဦးစားပေး ဆောင်ရွက်မည့် သင်တန်းများ၊ ဆွေးနွေးပွဲများ၊ သုတေသနဆိုင်ရာစာတမ်းများနှင့် SEACEN ပညာသင်ဆုများ ခွဲဝေပေးမှု အခြေအနေများနှင့် ဘတ်ဂျက်အသုံးပြုရန် လျာထားမှုအခြေအနေများကို လည်းကောင်း၊ Organisation for Economic Co-Operation and Development (OECD) ကို SEACEN Centre မဟာဗျူဟာမိတ်ဖက်အဖြစ် လက်ခံနိုင်ရေးကိစ္စ၊ SEACEN Centre ဝန်ထမ်းများအတွက် လစာပေးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ဝန်ထမ်းများခန့်ထားမှုနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြရာ SEACEN အဖွဲ့ဝင် ဗဟိုဘဏ် (၁၉) ဘဏ်၏ ဒုတိယဥက္ကဋ္ဌများက အကြုံပြုဆွေးနွေးမှုများ၊ လမ်းညွှန်မှုများပြုလုပ်ခဲ့ကြသည်။

 

ယင်းနောက် အရှေ့တောင်အာရှဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ တံခါးပိတ်အစည်းအဝေးကို ကျင်းပရာ အိန္ဒိယနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ Dr. Michael Debabrata Patra က မေခရိုစီးပွားရေးနှင့် ငွေကြေး မူဝါဒဆိုင်ရာစီမံခန့်ခွဲမှုဌာန၏ ဒါရိုက်တာရာထူးနေရာခန့်အပ်ရေး၊ SEACEN Centre အလယ်အလတ်အဆင့် ဝန်ထမ်းများ၏ စာချုပ်သက်တမ်းတိုးခြင်းနှင့် စပ်လျဉ်းသည့် စည်းကမ်းသတ်မှတ်ချက်များနှင့် SEACEN Centre ဝန်ထမ်းများက လိုက်နာရမည့်ကျင့်ဝတ်များနှင့် စည်းမျဉ်းစည်းကမ်းများကို ဆွေးနွေးခဲ့ကြပြီး လိုအပ်သည့် သုံးသပ်ဆုံးဖြတ်မှုများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)