နေပြည်တော်၊ ဩဂုတ် ၃၀
ဥပဒေရေးရာဝန်ကြီးဌာန၏ ၃ နှစ်မြောက်၊ နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ အရာထမ်း၊ အမှုထမ်းများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ၊ ကောင်းကျိုး လိုအပ်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းပေးလိုကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့်အတူ ကျင်းပရသဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယနေ့ကျရောက်သည့် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်ရှိ ဝန်ကြီးဌာနနှင့်အတူ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများတွင်လည်း တစ်ပြိုင်တည်း ကျင်းပကြ မည်ဖြစ်သဖြင့် လွန်စွာဝမ်းမြောက်မိပါကြောင်း၊ ဝန်ကြီးဌာနရှိဌာနအသီးသီးနှင့် အဆင့်အဆင့်သော ဥပဒေရုံးများမှ ဥပဒေ အရာရှိများ၊ အရာထမ်း၊ အမှုထမ်းများမှ မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြသဖြင့် လုပ်ငန်းများအောင်မြင်စွာ ပြီးမြောက်လျက်ရှိပြီး အမြဲဂုဏ်ယူရပါကြောင်း၊ ဥပဒေ အရာရှိများ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ကြရာတွင် တာဝန်သိစိတ်အပြည့်ဖြင့် တစ်စိတ်တစ်ဝမ်းတည်း စုပေါင်း၍ ဆောင်ရွက်သွားကြရန်နှင့် ဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့်အညီ ပြောဆိုကျင့်ကြံနေထိုင် ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်းနှင့် နောင်နှစ်များတွင်လည်း ယခုနှစ်ထက် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံး အဆင့်ဆင့်၏ ၃ နှစ်တာ လှုပ်ရှားဆောင်ရွက်မှု Video မှတ်တမ်းများကိုကြည့်ရှုကြပြီး ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ အကအလှတို့ဖြင့် ကပြဖျော်ဖြေကြသည်။ ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်း (၅၅၀)အတွက် ဦးစီးဌာနများအလိုက် ဗလာမပါ ကံစမ်းမဲများ၊ အထူးမဲများပြုလုပ်၍ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် အပါအဝင် ရုံးအကြီးအမှူးများက အရာထမ်း၊ အမှုထမ်းများအားလုံးနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


