ရန်ကုန် ဩဂုတ် ၃၀
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ Gold Emperor Co.,Ltd ဖိနပ်စက်ရုံနှင့် Universal Apparel Co.,Ltd အထည်ချုပ်စက်ရုံ၊ မြန်မာစိုးစံဝင်း ဖိနပ်စက်ရုံနှင့် Sen Yu Clothings Corporation Co.,Ltd အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဉီးစွာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။
ယင်းနောက်ဒုတိယဝန်ကြီးက CMP လုပ်ငန်းများ အပါအဝင် စက်ရုံ၊ အလုပ်ရုံများ ဖွံ့ဖြိုးတိုးတက် စေရေး ကြီးကြပ်ရေးကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်း၍ CMP လုပ်ငန်း စနစ်တကျရှိစေရေး ကြီးကြပ် ဆောင်ရွက်ပေးနေကြောင်း၊ ဆပ်ကော်မတီအလိုက် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို သက်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြလျက်ရှိကြောင်း။
CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှု လျော့နည်းပပျောက်စေရေးတည်ဆဲ အလုပ်သမားရေးရာ ဥပဒေများ နှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ စက်ရုံအတွင်း အလုပ်သမားများ အေးချမ်းစွာလုပ်ကိုင်နေမှု အခြေအနေများကို ကြည့်ရှု အားပေး၍ စက်ရုံတာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


