နေပြည်တော်  ဩဂုတ်  ၃၀

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွှဲပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ် မန်နေဂျာများ၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါ ကြောင်း၊  လက်ရှိဖြစ်ပေါ်နေသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအခြေအနေအရ ဝန်အားထိန်းညှိရသဖြင့် အချိန်ပိုင်းဓာတ်အားပိတ်၍ ဓာတ်အားဖြန့်ဖြူးပေးနေရသောကြောင့် ဖြန့်ဝေသည့်အချိန်တွင် သက်မှတ်ထားသည့် အချိန်တိုင်း တိကျစွာရရှိရေး စနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ တစ်ဖက်တွင်လည်း ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန် စေရေးတို့ကို ဟန်ချက်ညီတိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်မှုများအပေါ် အားလုံးမှ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

 

ထို့ပြင် ဓာတ်အားခ ကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး စနစ်တကျကောက်ခံသွားရန်နှင့် ဓာတ်အားခကြွေးကျန်များကိုလည်း ရာနှုန်းပြည့်ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူခဲ့သည့် မီတာများ ကိုလည်း စမ်းသပ်စစ်ဆေးပြီး မြို့နယ်များသို့ အချိန်မီပို့ဆောင်၍ ပြည်သူလူထု အမြန်ဆုံးတပ်ဆင် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန်နှင့် မိမိတို့မြို့နယ်များအတွင်း တရားမဝင် ဓာတ်အားရယူသုံးစွဲမှု များမရှိစေရေး၊ ဓာတ်အားခကြွေးကျန် အလွှဲသုံးစားမှုများ မဖြစ်စေရေး၊ မီတာဖတ်ရှုမှုအား မှန်ကန်စွာ ဖတ်ရှုသွားနိုင်ရေး၊ တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသောဌာနဖြစ်သည့် အတွက် ပြည်သူကို ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံပြီး စေတနာထား၍ အကောင်းဆုံး ဝန်ဆောင်မှုပေးရန်နှင့် ဝန်ကြီးဌာန၏ ပုံရိပ်ကောင်းမွန်အောင် ဆောင်ရွက် သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက အသီးသီးပြန်လည် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)