မတ် ၄
မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ဖို့ သံတမန်နည်းအရ ကြိုးပမ်းတဲ့နေရာမှာ အထောက်အကူဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ နှစ်နိုင်ငံပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ အဓိက စစ်ရေးလေ့ကျင့်မှုတွေကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
ဆက်ပြီးဆွေးနွေးဖို့ရှိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးပွဲမှာ ဘာသဘောတူညီချက်မှ မရလိုက်ဘဲ ပြီးဆုံးခဲ့ပြီးရက်ပိုင်း အတွင်း ဒီကြေညာချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အစည်းအဝေးက ထင်ထားတာထက် စောစောပြီးသွားခဲ့ပေမယ့် နှစ်ဖက်ခေါင်းဆောင်တွေကတော့ ဆက်ပြီးဆွေးနွေး ကြဦးမှာလို့ ပြောဆိုနေကြတုန်းပါပဲ။
ကုန်ကျစရိတ်ကြီးမား
တောင်ကိုရီးယားနိုင်ငံမှာ ချထားတဲ့အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက်ဟာ သုံးသောင်းနီးပါးရှိပြီး တောင်ကိုရီးယား တပ်ဖွဲ့ဝင်တွေ ထောင်ပေါင်းများစွာနဲ့ နှစ်စဉ်အတူ ပြုလုပ်နေတဲ့စစ်ရေးလေ့ကျင့်မှုတွေက မြောက်ကိုရီးယားကို ဒေါသထွက်စေတဲ့ မူလအကြောင်းရင်းတစ်ခုပါ။ အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက အစမ်းသဘောကျူးကျော်ရန်စနေတဲ့ လှုပ်ရှားမှုတစ်ခုအနေနဲ့ ဝေဖန်ရှုတ်ချနေတာ ဖြစ်ပါတယ်။
တပ်ဖွဲ့ဝင်တွေကို တောင်ကိုရီးယားကနေ ရုပ်သိမ်းဖို့ငြင်းပယ်တဲ့အချိန်မှာ ထရမ့် အကြိမ်ကြိမ်ပေးခဲ့တဲ့အကြောင်း ပြချက်တစ်ခုကတော့ စစ်ရေးလေ့ကျင့်မှုအတွက် ကုန်ကျစရိတ်ဖြစ်ပြီး ဟနွိုင်းထိပ်သီးအစည်းအဝေးအပြီး လုပ်တဲ့သတင်း စာရှင်းလင်းပွဲမှာလည်း ကုန်ကျစရိတ်ဟာ တော်တော်လေးကိုကြီးမားတယ်လို့ ပြောခဲ့ပါတယ်။
လေ့ကျင့်မှုအဆုံးသတ်ဖို့ဆုံးဖြတ်
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Jecong Kyeongdoo နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာ နာဟန်တို့ စနေနေ့က ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ကြချိန်မှာ နှစ်ဖက်စလုံးက စစ်ရေးလေ့ကျင့်မှုတွေကို အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်လို့ ပင်တဂွန်ရဲ့ ဖော်ပြချက်မှာ ပါရှိပါတယ်။
Foal Eagle လို့ အမည်ပေးထားတဲ့ လေ့ကျင့်မှုဟာ မဟာမိတ်နှစ်နိုင်ငံ ပူးတွဲလုပ်ဆောင်ခဲ့တဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်။ အရင်လုပ်ခဲ့ဖူးတဲ့ အဲဒီစစ်ရေး လေ့ကျင့်မှုအတွင်းမှာဆိုရင် တောင်ကိုရီးယားတပ်ဖွဲ့ဝင်နှစ်သိန်းနဲ့ အမေရိကန်တပ်ဖွဲ့ဝင် သုံးသောင်းလောက်ကို သုံးခဲ့တာပါ။ နှစ်စဉ် မတ်လမှာ စတင်လေ့ရှိပြီး ၁၀ ရက်ခန့်ကြာမြင့်တဲ့ Key Resolve စစ်ရေးလေ့ကျင့်မှုနဲ့အတူ Foal Eagle လေ့ကျင့်မှုကို ပုံမှန်လုပ်နေကျ ဖြစ်ပါတယ်။
စစ်ရေးတင်းမာမှုလျော့ကျဖို့
စစ်ရေးလေ့ကျင့်မှုကို ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်းကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်ဖျက်သိမ်းရေးအတွက် သံတမန်နည်းအရ ကြိုးပမ်း နေတဲ့နေရာမှာ အထောက်အကူဖြစ်ဖို့ရယ်၊ မြောက်ကိုရီးယားနဲ့စစ်ရေးအရ တင်းမာနေတာတွေ လျော့ပါးသွားဖို့ရယ်ဆိုပြီးဒီလိုလုပ်ဖို့ဖြစ်လာတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါတယ်။ ဒီတော့ဝါရှင်တန်နဲ့ဆိုးလ်ဟာ အဲဒီလေ့ကျင့်မှုအစား မွမ်းမံလေ့ကျင့်မှုတွေကို တနင်္လာနေ့မှာ စတင်ဆောင်ရွက်သွားမှာဖြစ်ပြီး မတ်လ ၁၂ ရက်အထိ တောက်လျှောက်လုပ်သွားမယ်လို့ပူးတွဲစစ်ရေးလေ့ကျင့်မှု ထုတ်ပြန်ချက်တစ်စောင် တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။
ဒေါင်မန် သို့မဟုတ် Alliance လို့ အမည်ပေးထားတဲ့ကိုးရက်ကြာ စစ်ရေးလေ့ကျင့်မှုဟာ Key Resolve လိုထိုးစစ်ဆင်တိုက်ခိုက်တဲ့ စစ်ရေးလေ့ကျင့်မှုပုံစံမျိုးထက် စစ်ချီစစ်တက် သေနင်္ဂဗျူဟာကို အဓိကထားတယ်လို့ အမည်မဖော်လိုသူ တောင်ကိုရီးယား အာဏာပိုင်တစ်ဦးက အေအက်ဖ်ပီကိုပြောခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုအသစ်မှာ အမေရိကန်နဲ့တောင်ကိုရီးယားက တပ်ဖွဲ့ဝင်တွေ ဘယ်လောက်အရေအတွက်အထိ ပါဝင်လှုပ်ရှားသွားမယ်ဆိုတာနဲ့ ပတ်သက်လို့တော့ ဖော်ပြတာ မရှိပါဘူး။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောပြချက်အရ တောင်ကိုရီးယား နျူကလီးယားဆိုင်ရာ သံအဖွဲ့အကြီးအကဲလီဒိုဟွန်းဟာ အမေရိကန်က လုပ်ဖော်ကိုင်ဖက် စတီဖင်ဘီဂမ်နဲ့ဆွေးနွေးဖို့အတွက် ဝါရှင်တန်ကို အခုတစ်ပတ်အတွင်းမှာ ထွက်ခွာဦးမယ်လို့ ဆိုပါတယ်။ လီနဲ့ဘီဂမ်တို့ တွေ့ဆုံတဲ့အခါ ဟနွိုင်းမှာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး ကင်နဲ့ထရမ့်တို့အကြား သဘော တူညီမှုတစ်ရပ်ကို မတည်ဆောက်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ်လို့လည်း မျှော်လင့်ရပါတယ်။
သတိပေးမှုတွေလည်းရှိ
စစ်ရေးလေ့ကျင့်မှုကို ရပ်လိုက်ဖို့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်တဲ့သူတွေကတော့ ဒီလိုဆုံးဖြတ်လိုက်တာက အမေရိကန်နဲ့ တောင်ကိုရီးယား ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်ရေးအရ အသင့်ဖြစ်နေတဲ့ အနေအထားကို ထိခိုက်လာစေနိုင်ပြီး နှစ်ခြမ်းကွဲနေတဲ့ ကျွန်းဆွယ်ပေါ်မှာ မြောက်ကိုရီးယားကိုမဟာဗျူဟာအရ အခွင့်အရေးတစ်ခု ပေးလိုက်သလိုမျိုး ဖြစ်သွားနိုင်တယ်လို့ သတိပေးသံတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ကျွမ်းကျင်သူအများစုကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြတာတွေဟာ ပုံကြီးချဲ့တာလို့ ဆိုပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကိုအဆင့်လျှော့ချလိုက်တာ ဒါမှမဟုတ် ရပ်နားလိုက်တာက နှစ်ဖက်တပ်မတော်ရဲ့ တိုက်ခိုက်ရေးဆိုင်ရာ အသင့်ပြင်ဆင်မှုကို ထိခိုက်ကောင်း ထိခိုက်စေနိုင်လိမ့်မယ်။ ဒါပေမယ့် ကျွန်ုပ်အနေနဲ့ကတော့ ဒါကတောင်ကိုရီးယားအတွက် လုံခြုံရေးဆိုင်ရာ ကြီးကြီးမားမား ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာစေလိမ့်မယ်လို့တော့ ကျွန်ုပ်မထင်မိဘူးလို့ မြောက်ကိုရီးယား လေ့လာမှုဆိုင်ရာ ကမ္ဘာ့အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ အန်ချန်အီလ်က ပြောပါတယ်။
ကိုရီးယားကျွန်းဆွယ်ပေါ်မှာ ကာလရှည်ကြာဖြစ်ပွားနေတဲ့ တင်းမာမှုတွေကို ပြီးဆုံးသွားစေချင်ပြီး မြောက်ကိုရီး ယားက ၄င်းရဲ့နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ဖို့ အမေရိကန်က တွန်းအားပေးချင်နေပေမယ့် လတ်တလော ဖြစ်ပွားနေတဲ့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ ဆက်ရှိနေတဲ့အခြေအနေတွေကို ကြည့်မယ်ဆိုရင် မြောက်ကိုရီးယားဟာ အနာဂတ်ကာလမှာ ၄င်းရဲ့နျူကလီးယားလက်နက်တွေနဲ့တစ်ခုခုလုပ်လာဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲလို့ ၄င်းက သုံးသပ်ပြောဆိုထားပါတယ်။
ပင်တဂွန်ကို နှောင့်နှေးသွားစေမည်မဟုတ်
ပြီးတော့လည်း စစ်ရေးလေ့ကျင့်မှုရပ်နားတာနဲ့ ပတ်သက်ပြီး နောက်ထပ်သုံးသပ်ပြောဆိုလာသူကတော့ စင်ကာပူမှာ ထရမ့်နဲ့ကင်တို့ ပထမအကြိမ် ထိပ်သီးအစည်းအဝေး ဖြစ်မြောက်အောင် စီစဉ်ရာမှာ အကူအညီပေးခဲ့တဲ့ တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့ အကြီးအကဲဟောင်း ဗင်းဆင့်ဘရွတ်ခ် ဖြစ်ပါတယ်။ ၄င်းက ပူးတွဲစစ်ရေး လေ့ကျင့်မှုကိုရပ်နားလိုက်တာက ကိုရီးယားကျွန်းဆွယ်အရေးမှာ ပင်တဂွန်ရဲ့ တိုက်ခိုက်ရေးဆိုင်ရာ အသင့်ဖြစ်နေတဲ့ အနေအထားကိနှောင့်နှေးသွားဖို့ မရှိဘူး။ ကျွန်ုပ်တို့ဟာ အခုအချိန်မှာ ဓားတွေကို ဓားအိမ်ထဲ ပြန်ထည့်ပြီး သိမ်းဆည်းလိုက်တဲ့ အခြေအနေမျိုးပဲဖြစ်ပြီး ဒါတွေကို ဘယ်လိုသုံးရမယ်ဆိုတာကို လုံးလုံးလျားလျား မေ့ဖျောက်လိုက်တာ မဟုတ်ဘူးလို့ ၄င်းကပြောပါတယ်။
လျှော့ချမှုတွေလုပ်ခဲ့
စင်ကာပူထိပ်သီးအစည်းအဝေးမှာကတည်းက အမေရိကန်နဲ့ တောင်ကိုရီးယားဟာ စစ်ရေးလေ့ကျင့်မှု အတော်များများကို လျှော့ချတာတွေ၊ တချို့တစ်ဝက်ကို ဖျက်သိမ်းတာတွေ လုပ်ခဲ့သလို အမေရိကန် ဗုံးကြဲလေယာဉ်တွေတောင်ကိုရီးယား ကောင်းကင်ပေါ် ပျံသန်းတာတွေလည်းထပ်မလုပ်တော့ပါဘူး။ ဒီနေရာမှာ စစ်ရေးအရ လေ့ကျင့်တာ တွေကိုလျှော့ချတာ၊ လေ့ကျင့်မှုတွေကို ရပ်နားလိုက်တာကဘာကိုဆိုလိုသလဲဆိုတော့ ပူးတွဲလေ့ကျင့်မှုမှာပါဝင်တဲ့နိုင်ငံတွေဟာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး သဘောတူညီမှုတစ်ရပ်ရဖို့ဆိုတာနဲ့ ပတ်သက်လို့ အသည်းအသန် ဖြစ်မနေဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်လာနိုင်တယ်လို့ မြောက်ကိုရီးယားလေ့လာမှု တက္ကသိုလ် ပါမောက္ခ ယန်မူဂျင်းက ဝေဖန်သုံးသပ်ထားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားကတော့ တင်းမာမှုတွေလျော့ကျစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ရပ်နားလိုက်ပြီး မြောက်ကိုရီးယားကို နျူကလီးယား လက်နက်ဖျက်သိမ်းရေးဆီ ဆွဲခေါ်လာနေပြီ။
သဘောထား ပြောင်းလဲလာမှာမဟုတ်ဘူးလို့ ထိပ်သီးအစည်းအဝေးမှာ ပြောခဲ့တဲ့ မြောက်ကိုရီးယားဘက်က ဘယ်လို ထပ်လာဦးမလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ကြရဦးမှာပါပဲ။ ။ ကိုးကား- အေအက်ဖ်ပီ
ကလျာမိုးမြင့်