ရန်ကုန် ဩဂုတ် ၃၀
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားများ၏ ရိုးရာနေအိမ်များ တည်ဆောက်ရေးပြုပြင်မှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများကို ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာအိမ်များကို ၎င်းတို့၏ မူလရိုးရာအစဉ် အလာများမပျောက်ပျက်အောင် ဂရုပြုထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရန်လည်း စဉ်ဆက်မပြတ်ပြုပြုမွမ်းမံ ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်ကြရန် မှာကြားသည်။
ယင်းနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရိုးရာအိမ်များ ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်း၊ အုပ်ချုပ်မှု ရုံးအဆောက်အအုံများ ဆေးသုတ်ခြင်းလုပ်ငန်း၊ ကပွဲခန်းမ၊ ပြည်ထောင်စုခန်းမ ပြုပြင်ခြင်း လုပ်ငန်းနှင့် ရေ၊ မီး ရရှိရေး စသည့်ဆောက်ရွက်ဆဲလုပ်ငန်းများ၊ သောင်တူးခြင်းလုပ်ငန်းနှင့် အရာထမ်း၊ အမှုထမ်းအိမ်ရာများ စနစ်တကျသန့်ရှင်းသာယာလှပမှုရှိစေရေးတို့ကို လည်းကောင်း၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကသင်တန်းနှင့် ကီးဘုတ်တီးခတ်ခြင်း သင်တန်းဖွင့်လှစ်နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် အချို့သော သမိုင်းဝင်မှတ်တမ်းများကို တစ်နေရာတည်းတွင်စုစည်း၍ လေ့လာသိရှိမှတ်သားနိုင်စေရန် မီးမှောင်းထိုး ပြသဖော်ကျူးထားသည့်နေရာဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခုထက် ပိုမိုကောင်းမွန်အောင် စောင့်ကြပ်ကြည့်ရှုပြုပြင် ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်းနှင့် လာရောက် လေ့လာကြည့်ရှုသည့် ပြည်သူလူထုများကိုလည်း စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စနစ်တကျရှင်း လင်းတင်ပြတတ်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ယခင်က ဒီရေတောနယ်မြေဖြစ်နေသော်လည်း ဥယျာဉ်သဖွယ် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် နည်းပညာများဖြင့် ဆောင်ရွက်နိုင်ရန် ယခုထက်ပိုမို ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့်လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံသွားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်းပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Breaking News


