နေပြည်တော် ဩဂုတ် ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ကြည့်ရှုစစ်ဆေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့ ရောက်ရှိကြပြီး ပင်မလေးထပ်ဆောင်ရှေ့ရှိ အရှည် ၆၆၅ ပေ၊ အကျယ် ပေ ၁၁၀၊ အနက် ၅ ပေရှိ ရေကန်တူးဖော်ပြီးစီးမှု၊ ရေကန်ပတ်လည် စိမ်းလန်းစိုပြည်စေရေး ဆောင်ရွက်ထားရှိမှု၊ ရေကန်အတွင်း ရေဖြည့်သွင်းပြီး ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် အလှဆင်ရေပန်းများ တပ်ဆင်ထားရှိမှု၊ ကန်ပေါင်တွင် လူသွားလမ်း ဆောင်ရွက်ပြီးစီးမှုနှင့် တက္ကသိုလ်အတွင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန် မြို့တော်ဝန်နှင့် တက္ကသိုလ် ပါမောက္ခချုပ်တို့က ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိုးရာသီကာလ၌ တက္ကသိုလ် ပရဝဏ်အတွင်း ရေဝပ်မှုများမရှိစေရေး ဆောင်ရွက်ရန်နှင့် ရေမြောင်းများ စနစ်တကျ တူးဖော်ထားရှိရန်၊ တက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ် ကောင်းမွန် စေရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ကြည့်ရှုစစ်ဆေး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကြပြီး တက္ကသိုလ်အတွင်း စာသင်ဆောင်အသစ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ပါမောက္ခချုပ် ဒေါက်တာကြည်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာသင်ဆောင်အသစ် ဆောက်လုပ်နေမှု အခြေအနေများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေးနှင့် ဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယာဉ်ရပ်နားရန် နေရာများ၊ ကျောင်းသား အိပ်ဆောင်များနှင့် အထောက်အကူပြုအဆောင်များ၊ စာသင်ဆောင်များနှင့် ခန်းမများ ဆောင်ရွက်ရာတွင် အသေးစိတ်ကအစ ထည့်သွင်းတွက်ချက်စဉ်းစားကာ ရေရှည်ကိုကြည့်၍ ဆောင်ရွက်ရန်လိုကြောင်း၊ ကျောင်းဝင်းအတွင်း လူသွားလမ်းများ၊ အားကစားပြုလုပ်ရာ နေရာနှင့် အပန်းဖြေနေရာများ ဆောင်ရွက်ရာ၌ ကျောင်းတွင်တက်ရောက်မည့် ကျောင်းသားဦးရေ အချိုးနှင့် ကိုက်ညီသည့် အကျယ်အဝန်းများဖြစ်စေရေး စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်