မင်းဘူး ဩဂုတ် ၃၁
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်းအနား၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက မကွေးတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များအတွက် ငွေကျပ် သိန်း ၃၀ နှင့် လူထုသိပ္ပံ ကျမ်းစာအုပ်နှင့် သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံ လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်
အခမ်းအနားတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံ တပ်နယ်မှ ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ပါဝင်ကူညီခဲ့သည့် ပန်းဖွားအဖွဲ့၊ ဘင်ခရာအဖွဲ့၊ အိုးစည်အဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ လာရောက်ကြသည့် ကျောင်းသား ကျောင်းသူများအား အစားအစာများ ပေးဝေ၍ ခင်းကျင်းပြသထားသော ဌာနဆိုင်ရာပြခန်းများ၊ ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်း အစီအစဉ်ကို အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ မင်းဘူးမြို့ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” Video Clip ကို ပြသသည်။
အသိပညာဗဟုသုတများလိုအပ်မည်
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်က စာဖတ်သောလူမျိုးသည် တိုးတက်ပြီး တိုးတက်သော လူမျိုးတိုင်းသည် စာဖတ်ကြသည်ဟု ပြောကြားခဲ့ပါကြောင်း၊ ယနေ့ ကမ္ဘာကြီးတွင် ငြိမ်းချမ်းမှု၊ တိုးတက်မှု၊ ပျော်ရွှင်မှုများကို ဦးတည်ရည်မှန်း၍ ဖြတ်သန်းနေကြပါကြောင်း၊ မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းကိုလည်း ငြိမ်းချမ်းသော၊ သာယာသော၊ ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အဖွဲ့အစည်းအဖြစ် ဖြတ်သန်းစေလိုပါကြောင်း၊ ထိုသို့ ဖြတ်သန်းနိုင်ရန် နိုင်ငံသားအားလုံးတွင် အသိပညာဗဟု သုတများစွာ လိုအပ်မည်ဖြစ်ကြောင်း။
စာလည်းတတ်၊ စာလည်းဖတ်
နိုင်ငံတော်အကြီးအကဲက လူထုသိပ္ပံကျမ်းများကို လူငယ်များ ဖတ်ရှုလေ့လာနိုင်ရန် ပြန်လည်ပုံနှိပ်ထုတ်ဝေစေပြီး စာကြည့်တိုက်များအတွက် ဝယ်ယူလှူဒါန်းပေးလျက်ရှိပါကြောင်း၊ ကျောင်း သား ကျောင်းသူများအား စာအုပ်စာစောင်များကို ဖတ်ရှုစေလိုသည့်အတွက် ယခုလို စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို ကျင်းပပေးခြင်းဖြစ်ပြီး စာဖတ်လိုစိတ်များ မွေးမြူပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲက စာမတတ်သူသည် ထိုင်နေသည့်လူနှင့်တူပြီး စာတတ်ပြီး စာမဖတ်သူမှာရပ်နေသည့်လူနှင့် တူကြောင်း၊ စာတတ်ပြီး စာပေလေ့လာ ဖတ်ရှုသူဖြစ်မှသာ လမ်းလျှောက်နေသည့် လူနှင့်တူသည်ဟု လမ်းညွှန်ထားသည့်အတွက် ကျောင်းသားလူငယ်များအနေ ဖြင့် စာလည်းတတ်၊ စာလည်းဖတ်ပြီး အသိဉာဏ်ပညာပြည့်ဝစွာဖြင့် အနာဂတ်ကို လျှောက်လှမ်းနေကြ ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့အား စာသင်ကြားပေးနေသည့် ဆရာ ဆရာမများကို ရိုသေလေးစား တန်ဖိုးထားကြစေလိုကြောင်း၊ ဆရာ ဆရာမများသည် မိမိတို့ဘဝတိုးတက်အောင် သင်ကြားပြသ မီးမောင်းထိုးပြပေးနေသူများဟု မှတ်ယူကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှမိသားစုက မကွေးတိုင်း ဒေသကြီးအတွင်းရှိ စာကြည့်တိုက်များအတွက် လှူဒါန်းသော အလှူငွေကျပ်သိန်း ၃၀၊ လူထုသိပ္ပံကျမ်း အတွဲ (၆) နှင့် အတွဲ (၇) စာအုပ်ပေါင်း ၁၂၂ အုပ်နှင့် သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံ ၂၃၃ အုပ်တို့အား ပြည်ထောင်စုဝန်ကြီးက ပေးအပ်ရာ လူမှုရေးရာဝန်ကြီးက လက်ခံရယူသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မင်းဘူးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများအတွက် DTH စလောင်း ငါးစုံနှင့် DVB T2 Set Top Box ၁၅ လုံးတို့အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးပညာရေးမှူးက လက်ခံရယူသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအတွင်း ထပ်မံဆောက်လုပ်မည့် စာကြည့်တိုက် အဆောက်အအုံအသစ် လေးတိုက်အတွက် အလှူငွေကျပ်သိန်း ၆၀၀ အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသားလူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များ ပခုံးပြောင်းထမ်းဆောင်နိုင်ရေးအတွက် အရည်အချင်းပြည့်ဝအောင် ကြိုးစားဆောင်ရွက်ရေးနှင့် စာပေဖတ်ရှုလေ့လာရေးတို့ကို တိုက်တွန်းပြောကြားပြီး ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်စာစောင်များ လှူဒါန်းပေးအပ်သည်။
ဆက်လက်၍ မင်းဘူးမြို့ ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဒုတိယတန်း ကျောင်းသား မောင်ဘုန်းလင်္ကျာက ရုပ်သေးအကဖြင့် လည်းကောင်း၊ စေတုတ္တရာမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “လှမ်းခဲ့ပါအဆွေ ဖန်ခါးမြေ” သီချင်းဖြင့်လည်းကောင်း ဖျော်ဖြေ၍ စာရေးဆရာ သန်းထွန်း (စကု) က “ကမ္ဘာ မြေပတ်ဖို့ စာတွေဖတ်စို့” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။
ဖျော်ဖြေတင်ဆက်
ထို့နောက် မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူများက “ဗိုလ်ရှုသဘင်” သီချင်းဖြင့်လည်းကောင်း၊ “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့်လည်းကောင်း၊ “ဇာတိမာန်” သီချင်းဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စာရေးဆရာသန်းထွန်း (စကု) အား အမှတ်တရလက်ဆောင် ပေးအပ်ပြီး အကအဖွဲ့များအား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။
ဒေသဖွံ့ဖြိုးရေးကိစ္စများဆွေးနွေး
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မင်းဘူးမြို့ သာသနာ့ဗိမာန်တော်သို့ သွားရောက်၍ ဆရာတော်သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မင်းဘူးမြို့ရှိ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စများ ဆွေးနွေးခဲ့သည်။
နံနက်ပိုင်းကလည်း ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပြည်သူ့ဆေးရုံကြီး (မကွေး) သို့ သွားရောက်၍ ဆေးရုံဝင်းအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်အဖြစ် အဆင့်မြှင့်တင်ထားသော သားဖွားမီးယပ်နှင့် မွေးကင်းစ ကလေးသုံးထပ် ကုသဆောင်သစ်နှင့် စကုမြို့တွင် တည်ဆောက်ပြီးစီးသည့် စာကြည့်တိုက် အဆောက်အအုံသစ်တို့ကို ကြည့်ရှုခဲ့ကြသည်။
သတင်းစဉ်


