ရန်ကုန် စက်တင်ဘာ ၁
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားအား ဩဂုတ် ၃၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် (ကိုယ်စား) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က သင်တန်းဆင်း အမှာစကားပြောကြားရာ တိုင်းဒေသကြီး နည်းပြသင်တန်းဆင်း ဆရာ၊ ဆရာမများသည် ခရိုင်အဆင့်နည်းပြများအဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်ပြီဖြစ်၍ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်နည်းပြများအဖြစ် ခန့်အပ်တာဝန်ပေးအပ်မည့် စာရင်းစစ် ဆရာ၊ ဆရာမများကို ပြန်လည်ပို့ချသည့်အချိန်တွင် တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း၌ သင်ယူခဲ့သော သန်းခေါင်စာရင်း မေးခွန်းပါအကြောင်းအရာများကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် ကောက်ယူပေးနိုင်မည့် အရည်အချင်းပြည့်ဝသော စာရင်းစစ်၊ စာရင်းကောက်များ မွေးထုတ်ပေးနိုင်ရေးအတွက် သန်းခေါင်စာရင်းဆိုင်ရာအဓိက သဘောတရားများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများ၊ လက်တွေ့လေ့ကျင့်ခန်းများကို ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် ဆွေးနွေးပို့ချပေးကြရန်၊ အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဠိ အမေးအဖြေများ မေးမြန်းခြင်းများ၊ ဘာသာရပ်များကို မခြွင်းမချန် ထိထိရောက်ရောက်ဖြင့် ကြိုးပမ်းဆောင်ရွက် သင်ကြားပေးကြရန်နှင့် အသိတူမှ အလုပ်တူမည်ဖြစ်၍ အားလုံးသိအောင်၊ တတ်အောင် ပြန်လည်သင်ကြားပေးကြပါရန် အထူးမှာကြားလိုကြောင်းနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်အဖြစ် ခံယူကာ အောင်မြင်စွာ ကောက်ယူနိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဆင်း ဆရာ၊ ဆရာမများကို ဗဟိုသန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌက ခရိုင်အဆင့်နည်းပြများအဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်သည့် ခန့်အပ်လွှာများကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက နည်းပြများကိုယ်စား ခရိုင်အဆင့် နည်းပြသင်တန်းသူတစ်ဦးကို ပေးအပ်၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြသည်။
အဆိုပါသင်တန်းအား ဩဂုတ် ၁၉ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား ၁၂ ဦး၊ သင်တန်းသူ ၃၃ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)


