နေပြည်တော် စက်တင်ဘာ  ၁

ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ (၇၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၄၉) အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနရုံး စုစည်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ အရာရှိကြီးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဧည့်သည်တော်များနှင့်အတူ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက် ခဲ့မှုမှတ်တမ်း Video Clip ကိုကြည့်ရှုအားပေးကာ ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို လည်းကောင်း၊  ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၁၄/၂၀၂၃)တွင် အကောင်းဆုံး သင်တန်းသား ထူးချွန်ဆုရရှိသူ တစ်ဦးနှင့် လုပ်ငန်းထူးချွန်ဆုရရှိသူ သုံးဦးတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၁၄/၂၀၂၃) တွင်  ဥပဒေဘာသာရပ် ထူးချွန်ဆုရရှိသူ  တစ်ဦးနှင့် လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ တစ်ဦး တို့ကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက အခြေခံသံတမန်ရေးရာကျွမ်းကျင်မှု သင်တန်းတွင် တတိယဆုရရှိသူဝန်ထမ်း တစ်ဦးကိုလည်းကောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသူတစ်ဦးကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် တပ်ဖွဲ့၊ ဦးစီးဌာနများမှ အရာရှိကြီးများ၊ ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်