မြတ်သူ

 

ဇီဝလုံခြုံရေး အလေးပေးထားသည့် ခြံအတွင်းရှိ လျှပ်စစ်မီး ထိန်ထိန်အောက်တွင် ရက်သားသာရှိသေးသော တိုင်းရင်းကြက်ပေါက်ကလေးများက အပြည့်။ ဥဖောက်စက်ဖြင့် ရှင်သန်လာသော ကြက်ပေါက်ကလေးများကို အပူဓာတ်ပေးပြီး ကောင်းစွာရှင်သန်နိုင်ပါက လျှပ်စစ်မီးရောင်အောက်မှ သဘာဝအလင်းရောင်ရရှိသည့်  ကြက်ခြံများအတွင်း ကူးပြောင်းမွေးမြူရမည်ဖြစ်သည်။

 

တိုင်းရင်းကြက် မွေးမြူရေးသည် စနစ်တကျဆောင်ရွက်ပါက အချိန်တိုအတွင်း စီးပွားဖြစ်ဝင်ငွေရလုပ်ငန်း ဖြစ်သည့်အတွက် ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ် အိမ်ခြေလေးဆယ် ကျေးရွာ၌ တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းကို မွေးမြူရေးလုပ်ငန်းရှင် ဦးတင်ထွန်းမြင့်က အားစိုက်ဆောင်ရွက် နေခြင်းဖြစ်သည်။

 

ဥဖောက်စက်နဲ့ မျိုးကောင်းမျိုးသန့်ကို  ကိုယ်တိုင်စုစည်းမွေးမြူ

 

“တိုင်းရင်းကြက် မွေးမြူရေးလုပ်ငန်း လုပ်ဖြစ်တာက နိုင်ငံတော်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားပေးပြီး လိုအပ်တာတွေ ဖြည့်ဆည်းစီမံပေးတဲ့ အတွက်ကြောင့်ပါ။ ပြီးခဲ့တဲ့နှစ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ ချေးငွေ အထောက်အပံ့ ရခဲ့ပါတယ်။ တိုင်းရင်း ကြက်မွေးမြူရေးအတွက် ဥဖောက်စက်နဲ့ မျိုးကောင်းမျိုးသန့်ကို ကိုယ်တိုင်စုစည်းမွေးမြူပါတယ်။ ဥဖောက်စက်သုံးတဲ့အခါ လျှပ်စစ်မီးပြတ်တောက်လို့ မရတဲ့အတွက် လျှပ်စစ်မီးမလာတဲ့အခါ အရန်အဖြစ် ဆိုလာစနစ်နဲ့ကူနိုင်အောင်၊ မီးစက်ကူနိုင်အောင် ဆောင်ရွက်ထားရပါတယ်။ လျှပ်စစ်မီးလိုအပ်ချက်မရှိရင်တော့ တော်တော်သက်သာပြီး လုပ်ငန်း ပိုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ပိုပြီးလုပ်နိုင်ဖို့လည်း မျှော်မှန်းထားပါတယ်”ဟု ဦးတင်ထွန်းမြင့်က ဆိုသည်။

 

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်တိုင်ဦးဆောင်ပြီး ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့အပါအဝင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခြောက်ခရိုင်မှ မြို့နယ် ၂၈ မြို့နယ်နှင့် ကျေးရွာများတွင် တိုင်းရင်းကြက်မွေးမြူရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ယခုအခါ တိုင်းရင်းကြက် စီးပွားဖြစ် မွေးမြူသူ ၅၀၀ ကျော်နှင့် တိုင်းရင်းကြက် ခြံပေါင်း ၈၀၀ ကျော်ရှိကြောင်း သိရသည်။

 

“တိုင်းရင်းကြက်လို့ခေါ်တဲ့ ဒေသကြက်က စားသုံးသူအတွက် အသားကအရသာရှိတယ်။ တိုင်းရင်းကြက်၊ ဒေသ ကြက်၊ ဗမာကြက် စသဖြင့်ခေါ်ကြတဲ့ ဒီကြက်သားက ဈေးကွက်မှာပေါရင် စားသုံးရတာ အရသာရှိတဲ့ ဒီကြက်သားကိုပဲစားကြမှာပါ။ ကျွန်မတို့ကတော့ ကိုယ့်ရပ်ရွာမှာ ဒေသကြက်ကို စီးပွားဖြစ် မွေးတဲ့သူရှိတော့ တခြားဒေသထက် ဈေးချိုချို စားရတယ်”ဟု ဒိုက်ဦးမြို့ ဒေသခံတစ်ဦးက ပြောပြသည်။

 

နိုင်ငံတွင်း၌သာမက ကမ္ဘာ့နိုင်ငံများအထိ အသားစားသုံးမှုတွင် ကြက်သားနှင့် ကြက်ဥစားသုံးမှု များပြားသည့်အတွက် စားသုံးသူလိုအပ်ချက်အရ ကြက်မွေးမြူရေးလုပ်ငန်းသည် ဒေသတိုင်းတွင် တည်ရှိနေသည့် လုပ်ငန်းဖြစ်သည်။

 

ကြက်သားနှင့် ကြက်ဥစားသုံးမှု မြင့်မားသည့်အတွက် ကမ္ဘာအရပ်ရပ်မှ ကြက်မွေးမြူရေးကုမ္ပဏီများက အသား တိုးကြက်မျိုးများ၊ ဥစားကြက်မျိုးများ ထုတ်လုပ်ရောင်းချလာခဲ့ပြီး လက်ရှိမြန်မာနိုင်ငံတွင်လည်း ပြည်ပမှဝင်ရောက်သည့် အသားတိုးကြက်မျိုးများစွာ၊ ဥစားကြက်မျိုးများစွာ တည်ရှိနေသည်။ အသား တိုးကြက်သားသည် တိုင်းရင်းကြက်သားထက် ဈေးနှုန်းသက်သာမှုကြောင့်သာ စားသုံးသူ များပြားနေခြင်းဖြစ်ပြီး တိုင်းရင်းကြက်သား၏ အရသာကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးပေ။

 

 

သို့သော် တိုင်းရင်းကြက်ကို စီးပွားဖြစ် မွေးမြူခြင်းထက် မိရိုးဖလာ တစ်နိုင်တစ်ပိုင်သာ မွေးမြူမှုက များပြားနေသည့် အတွက် စားသုံးသူများ၏ ဝယ်လိုအား လိုအပ်ချက်ကို ရာခိုင်နှုန်းပြည့် မရောင်း ချနိုင်သေးပေ။  ထို့ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရေးကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိသည်။

 

“တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်တွေမှာ တိုင်းရင်းကြက် မွေးမြူရေးခြံတွေအထိ အရောက်သွားကာ လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီး လိုအပ်တာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။ အဓိကတော့ နိုင်ငံတော်က စားရေရိက္ခာဖူလုံရေးအတွက် ဒေသရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ဖို့ လမ်းညွှန်ထားတယ်။ နိုင်ငံတော်ရဲ့ မူဝါဒနဲ့အညီ ကျွန်တော်တို့ တိုင်းဒေသကြီးမှာလည်း ဒေသရဲ့စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေကနေ ဒေသဝမ်းစာဖူလုံမှု ရရှိအောင် ကြိုးပမ်းတယ်။ တိုင်းဒေသ ကြီးအတွင်းမှာက အသားနဲ့ငါး ထုတ်လုပ် မှုကဏ္ဍအတွက် နွား၊ ကြက်၊ ဝက်၊ ဆိတ်၊ ဘဲ၊ ကြက်၊ ငုံး၊ ငါး စသဖြင့် မွေးမြူမှု အစုံ ရှိပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ စိုက်ပျိုးရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေပါတယ်။ ဒီစိုက်ပျိုးရေးက ထွက်လာတဲ့ ဖွဲ၊ ဆန်ကျိုး၊ ဆန်ကွဲ၊ ပဲဖတ်၊ နှမ်းဖတ် စသဖြင့် ကုန်ကြမ်းပစ္စည်းတွေ ကို တိရစ္ဆာန်အစာအဖြစ် သုံးနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စိုက်ပျိုး ရေးကထွက်ရှိတဲ့ ကုန်ကြမ်းပေါ် အခြေခံ ပြီး မွေးမြူရေးလုပ်ငန်းတွေကို အားပေး မြှင့်တင်နေခြင်းဖြစ်ပါတယ်။ တိုင်းရင်း ကြက်မွေးမြူရေးဟာလည်း ဒေသရဲ့ စီးပွားရေးကို အချိန်တိုအတွင်း တိုးတက်စေနိုင်တဲ့ လုပ်ငန်းတစ်ခုပါ”ဟု ပဲခူး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ပြောကြားသည်။

 

ဒေသတွင်း စားသုံးသူဝယ်လိုအား များသည့် တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်ခြင်းဖြင့် မွေးမြူရေး လုပ်ငန်းရှင်များသည် အကျိုးအမြတ် ရရှိနေသော်လည်း မွေးမြူရေးကို အပြည့်အဝ အားထုတ်လုပ်ကိုင်နိုင်ရန် လိုအပ်မှုများ ရှိနေသေးသည့်အပြင် စီးပွားဖြစ် မွေးမြူထုတ်လုပ်မှုများ တိုးတက်လာရန်လည်း လိုအပ်နေသည်။

 

တိုင်းရင်းကြက် မျိုးသန့် ၃၅၀၀

 

“ကျွန်တော့်ခြံမှာ တိုင်းရင်းကြက် မျိုးသန့် ၃၅၀၀ လောက်ကို မွေးမြူထားပြီး ဥဖောက်စက်နဲ့ တိုင်းရင်းကြက်သား ပေါက် ထုတ်လုပ်ရောင်းချတာ ဆယ်နှစ်ကျော်ရှိလာပါပြီ။ တစ်နိုင်ငံလုံးကို ပို့ဆောင်ရောင်းချရပါတယ်။ တိုင်းရင်း ကြက်က ဈေးနှုန်းတည်ငြိမ်တယ်။ တိုင်းရင်းကြက်ရဲ့ အသားအရသာကို စားသုံးသူကကြိုက်တယ်။ ဈေးကွက် ဝယ်လိုအားရှိတယ်။ ဒါကအားသာချက်တွေပါ။ သားပေါက်ထုတ်လုပ်ရောင်းချတာအပြင် အနီးအနားက ကျေးရွာတွေက တောင်သူတွေ၊ မွေးချင်တဲ့သူတွေကို ကျွန်တော်က တိုင်းရင်းကြက်တစ်ပိုင်တစ်နိုင် မွေးမြူဖို့ အကောင် ၅၀၊ ၁၀၀ စသဖြင့် ပေးပါတယ်။ ပြီးရင် ကြက်ဥကို တန်ဖိုးတစ်ခုနဲ့ သူတို့ဆီက ပြန်ကောက်ယူပြီး ကြက်သားပေါက် ဖောက်ပါတယ်။ အဲဒီလိုမျိုး ကြက်ဥပြန်ပေးတဲ့ စပ်တူလုပ်တဲ့သူက အရင်က ဦးရေ ၉၀ ရှိရာကနေ အစာစရိတ်အခက်အခဲ၊ တခြား မိသားစုအခက်အခဲ စသဖြင့် အမျိုးမျိုးကြောင့် အခုက ၂၀ လောက်ပဲ ကျန်တော့တယ်။ ဒီတော့ ကြက်သားပေါက် ထုတ်လုပ်မှုက လျော့ကျသွားတဲ့ အနေအထားမှာ ရှိပါတယ်” ဟု နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ် မင်းသားကြီး တိုင်းရင်းကြက်မွေးမြူရေး နှင့် ကြက်သားဖောက် ဖြန့်ချိရေးလုပ်ငန်း မှ ဦးညွန့်ဝင်းက ပြောပြသည်။

 

ကြက်မွေးမြူရာတွင် လွှတ်ကျောင်းမွေးမြူသည့်စနစ်၊ ကြမ်းခင်းဖြင့် မွေးမြူသည့်စနစ်နှင့် အခန်းလိုက် မွေးမြူသည့် စနစ်တို့ဖြင့် မွေးမြူလေ့ရှိသည်။ တိုင်းရင်းကြက်များ မွေးမြူရာတွင် ဆန်ကွဲ၊ ဖွဲ (ဆန်)၊ ဖွဲ (ပြောင်း)၊ ငါးမှုန့် အစရှိသည်တို့ကို အများစုကျွေးမွေးလေ့ ရှိသော်လည်း အသားဖွံ့ဖြိုးရန်အတွက် ပရိုတင်းဓာတ် အပြည့်အဝပါဝင်သည့် နိုင်ငံခြားမှ တင်သွင်းသော အစာကိုလည်း ထည့်သွင်းကျွေးမွေးကြသည်။

 

မျိုးဥဖောက်ရောင်းတဲ့ ဒေသကြက်မျိုး ရောင်းချ

 

“ဒေသကြက်အကောင်ရေ ၆၀၀ မွေးမြူထားပါတယ်။ မျိုးအနေနဲ့ မျိုးဥဖောက်ရောင်းတဲ့ ဒေသကြက်မျိုး ရောင်းချတဲ့ လုပ်ငန်းကနေ ဝယ်ယူမွေးမြူတာ ဖြစ်ပါတယ်။ မွေးမြူတဲ့လုပ်ငန်းကနေ စားသုံးသူလက်ထဲ ကိုယ်တိုင်ထုတ်လုပ် ရောင်းချတဲ့အဆင့်အထိ လုပ်ပါတယ်။ ကျွန်တော်က ကိုယ်တိုင်မွေးမြူပြီး ထုတ်လုပ်ရောင်းချတဲ့အဆင့်အထိ သွားတာဖြစ်တဲ့အတွက် မွေးမြူတဲ့သူနဲ့ စားသုံးသူ တိုက်ရိုက်ထိတွေ့ခွင့်ရတယ်။ ကြားထဲက အဝယ်ပွဲစား၊ အဝယ်ဒိုင်၊ လက်လီရောင်းချသူ အစရှိတဲ့အဆင့်တွေ ကို ကျော်လွန်သွားနိုင်တယ်၊ စားသုံးသူဆီ ပိုမိုသက်သာတဲ့ ဈေးနှုန်းတစ်ခုနဲ့ပေးနိုင် ပါတယ်”ဟု ညောင်လေးပင်ခရိုင် ဒိုက်ဦး မြို့နယ် အောင်ဘာလေကျေးရွာ မေမြင့်မိုရ်တိုင်းရင်းကြက် မွေးမြူရေး လုပ်ငန်းမှ ဦးစန်းဌေးအောင်က ပြောပြသည်။

 

တိုင်းရင်းကြက်မွေးမြူရေး အပါအဝင် ကြက်မွေးမြူရေးလုပ်ငန်းတိုင်းတွင် ကြက်လည်လိမ်ရောဂါ၊ ကြက် ဝမ်းကျရောဂါ စသည့်ကူးစက်မြန်ရောဂါများကြောင့် ကြက်တစ်အုပ်လုံးဆုံးရှုံးနိုင်သည့် စိန်ခေါ်မှုများရှိနေသည်။

 

“မွေးမြူရေးလုပ်ငန်းကို ထိခိုက်စေနိုင်တဲ့အချက်တွေကို ကျွန်တော်တို့ဌာနအနေနဲ့ အမြဲအသိပညာပေး ဆောင်ရွက်တယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းဒေသကြီးအတွင်းက မွေးမြူရေးလုပ်ငန်း ထွက်ကုန်တွေဟာ ဒေသရဲ့ အသား စားသုံးမှုဖူလုံရေးကို အထောက်အကူပြု နိုင်စေဖို့၊ မွေးမြူသူတွေ အကျိုးအမြတ်ရစေဖို့ အစဉ်တစိုက် ပူးပေါင်းဆောင်ရွက် နေပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းဗိုလ်က ပြောကြားသည်။

 

ထို့ကြောင့် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် မွေးမြူရေးခြံနှင့်ပတ်သက်သည့် မှတ်တမ်းများထားရှိခြင်း၊ ကြက်ခြံ သန့်ရှင်းရေး နေ့စဉ်ဆောင်ရွက်ခြင်း၊ ကြက်နာသားများ၊ ကြက်သေများကို စားသုံးခြင်းမပြုဘဲ စနစ်တကျမြှုပ်နှံ ဖျက်ဆီးခြင်း၊ ကြက်ခြံကို ထုံးဖြူးခြင်း၊ မွေးမြူရေးလုပ်ငန်းသုံး ပိုးသတ်ဆေး ဖျန်းခြင်း စသည့်မွေးမြူရေး ကျင့်စဉ်ကောင်းများကို ဆောင်ရွက်သွားနိုင်ရန်နှင့် လိုအပ်သည့် မွေးမြူမှုနည်းပညာများ ရရှိစေရန် ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

“မွေးမြူရေးခြံတွေက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနဲ့ ဆက်သွယ်ဖို့လည်း လိုအပ်ပါတယ်။ လိုအပ်တဲ့ မွေးမြူရေး နည်းပညာပိုင်းကို ဌာနကအများကြီး အထောက်အကူပြုပါတယ်။ ဒေသကြက်ကို မွေးတဲ့အခါမှာ မွေးမြူတဲ့အချိန်ကနေ ထုတ်လုပ်တဲ့အချိန်အထိ သုံးလ၊ သုံးလ ကျော်ကြာတယ်၊ ကိုယ်တိုင်မွေးမြူ ထုတ်လုပ်ပြီး စားသုံးသူလက်ထဲကို ထည့်မယ်ဆိုရင် ကြက်အကောင် ၁၀၀၀ ကို သိန်း ၃၀ အမြတ်ရရှိပါတယ်။ အဲဒီလို မှမဟုတ်ဘဲ ကြက်ခြံမှာပဲ အချိန်နဲ့ ရောင်းမယ်ဆိုရင်တော့ ၁၀ သိန်း လောက်မြတ်ပါတယ်”ဟု မွေးမြူရေး လုပ်ငန်းရှင် ဦးစန်းဌေးအောင်က ပြောသည်။

 

 

တိုင်းရင်းကြက် တစ်နိုင်တစ်ပိုင်မွေးမြူ

 

တိုင်းရင်းကြက် မွေးမြူရေးသည် ရာသီသဘာဝနှင့် ကိုက်ညီသည့်အတွက် စိုက်ပျိုးတောင်သူများ၊ တိုင်းရင်းကြက် တစ်နိုင်တစ်ပိုင် မွေးမြူသူများအနေဖြင့် တိုးချဲ့ဆောင်ရွက်သင့်သည့် အကျိုးအမြတ်ရ မွေးမြူရေး လုပ်ငန်းတစ်ခုဖြစ်သည်။

 

သို့သော် တိုင်းရင်းကြက်သည် အသား တိုးကြက်၊ ဥစားကြက်များနှင့် နှိုင်းယှဉ်လျှင် ကြီးထွားနှုန်း နှေးကွေးခြင်း၊ ဥနှုန်း နည်းပါးခြင်း၊ ဥအရွယ်အစား သေးငယ်ခြင်းများရှိနေသည်။ ထို့အတွက် တိုင်းရင်း ကြက်မွေးမြူရေးမှ ထုတ်လုပ်မှုတန်ဖိုး တိုးတက်စေရန်အတွက် မွေးမြူရေးစနစ်၊ အစာကျွေးမွေးမှုစနစ်နှင့် မျိုးရိုးဗီဇ မျိုးတွင်းမျိုးစပ်ပြုပြင်ခြင်းတို့ဖြင့် တိုးတက်အောင် ဆောင်ရွက်လာကြသည်။

 

“တိုင်းရင်းကြက်မျိုးက ကြီးထွားနှုန်းနှေးတယ်၊ ဥနှုန်းနှေးတယ်။ ဒါက အားနည်းချက်ပါ။ ဒါပေမဲ့ အသား အနေနဲ့ကျ စားသုံးသူအတွက် အရသာကောင်းတယ်။ ဒါကြောင့် တိုင်းရင်းကြက်မျိုးကို အခြေခံထားပြီးတော့ ကြီးထွားမှုရှိတဲ့ စီးပွားဖြစ် အသားထုတ်လုပ်တန်ဖိုးရရှိအောင် ကြိုးပမ်းရပါတယ်။ မြန်မာ့ ရွှေဒင်္ဂါး (RIR) မျိုးကို အခြေခံထားတဲ့ မျိုးသန့်ကြက်နဲ့ အသားတိုးနှုန်းကောင်းတဲ့ ပြည်ပမျိုးကြက်ထီးကို မေထုန်မဲ့သားစပ်နည်းနဲ့ မျိုးစပ်သားဖောက်ပြီး အသားတိုးကြက်မျိုး Super Chick Half Broiler ကြက်သားပေါက်တွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ ကြက်သားပေါက်ကို မွေးမြူရောင်းချတာဖြစ်တဲ့အတွက် ကြက်မျိုးကောင်းမျိုးသန့်၊ အစာကျွေးမွေးမှု၊ ရောဂါဒဏ်ခံနိုင်မှု စတဲ့အချက်တွေကို အမြဲဂရုပြုရပါတယ်။ ကျွန်တော်တို့ခြံက ကြက်သားပေါက်တွေကို မြန်မာတစ်နိုင်ငံလုံး ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါတယ်” ဟု တောင်ငူခရိုင် တောင်ငူမြို့နယ်ရှိ ဧဒင်ကြက်မွေးမြူရေးနှင့် သားပေါက်လုပ်ငန်း မှ ဦးစောအယ်ဒိုက ရှင်းပြသည်။

 

တိုင်းဒေသကြီးအတွင်း၌ တိုင်းရင်းမျိုးကြက် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင် ခြောက်ဦးနှင့် ကြက်မျိုးခြံ ၁၂ ခြံရှိကြောင်း တိုင်းဒေသကြီး မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှ သိရှိရသည်။

 

တိုင်းဒေသကြီးအတွင်း အသားစားသုံးမှု ဖူလုံရေးအထောက်အကူပြုစေ ရန်ရည်ရွယ်၍ တိုင်းရင်းကြက်မွေးမြူ ရေးလုပ်ငန်းများ အားပေးမြှင့်တင်ရာတွင် မွေးမြူသူမှ စားသုံးသူလက်ဝယ်အထိ ထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက်လုံး ဖွံ့ဖြိုးစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် စီမံဆောင်ရွက်လျက်ရှိသည်။

 

“နိုင်ငံတော်က မွေးမြူရေးကို အားပေးတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လည်း လုပ်ချင်ကြပါတယ်။ ကိုယ့်ရပ် ကိုယ့်ဒေသမှာ မွေးမြူပြီး ထုတ်လုပ်ရောင်းချတော့ မွေးတဲ့သူရော၊ စားသုံးတဲ့သူရော အဆင်ပြေတာပေါ့။ ဒါပေမဲ့ လက်ရှိမှာက မွေးမြူရေးလုပ်ငန်းရှင် တော်တော်များများက တိရစ္ဆာန်အစာ၊ လုပ်ငန်းအတွက်လိုအပ်တဲ့ လျှပ်စစ်မီး အခက်အခဲရှိကြတာများတယ်။ နိုင်ငံ တော်ကပေးတဲ့ လျှပ်စစ်မီးမရရင် စက်သုံး ဆီနဲ့လည်ပတ်ရတာ ဖြစ်တဲ့အတွက် ကုန်ကျစရိတ်ကလည်း တက်လာတယ်။ ပြီးတော့ မွေးမြူရေးလုပ်ငန်းဖြစ်လို့ ပတ်ဝန်းကျင်အတွက် အနံ့ အသက်၊ သန့်ရှင်းမှုကို အမြဲဂရုပြုရသလို မွေးမြူရေးလုပ်ငန်းအတွက် ရောဂါ ကူးစက်မှုမရှိစေဖို့ ဇီဝလုံခြုံရေးကိုလည်း ဂရုပြုရပါတယ်။ နေရာအခက်အခဲရှိကြတယ်။ မွေးမြူရေးလုပ်တဲ့ သူတိုင်းအတွက် လိုအပ်နေတဲ့ အချက်တွေအပေါ်မှာ နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုကို မျှော်လင့်ပါတယ်” ဟု တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းရှင် ဦးစောအယ်ဒိုက အကြံပြု ပြောကြားသည်။

 

အသားတိုးကြက်နှင့် ဥစားကြက်မွေးမြူ

 

ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းများအပြင် အသားတိုးကြက်နှင့် ဥစားကြက်မွေးမြူ ထုတ်လုပ်ရောင်းချသည့် မွေးမြူရေး လုပ်ငန်းများစွာလည်း တည်ရှိသည်။ တိုင်းဒေသကြီးအတွင်း အသားတိုးကြက် မွေးမြူသည့် ခြံပေါင်း ၈၀၀ ကျော်၊ ဥစား ကြက်မွေးမြူသည့် ခြံပေါင်း ၁၄၀ ကျော် ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ သိရသည်။

 

“ကျွန်တော့်ရဲ့ ခြံကထွက်ရှိတဲ့ ကြက်ဥတွေကို တောင်ငူမြို့အပါဝင် ဒေသနဲ့နီးစပ်တဲ့ မြို့တွေကို ဖြန့်ဖြူးပါတယ်။ ကြက်ဥ ငါးသောင်းလောက် ထွက်ရှိပါ တယ်။ အဓိကတော့ ကိုယ့်ဒေသမှာ မွေးမြူထုတ်လုပ်ပြီး ဒေသကသူတွေ ဈေးနှုန်းသက်သာစွာနဲ့ စားသုံးနိုင်ဖို့ ရည်ရွယ်ပါတယ်။ လိုအပ်တဲ့ထုတ်လုပ်မှု စရိတ်တက်လာတာရှိတဲ့အတွက် စားသုံးသူ လက်ထဲပို့တဲ့အခါ ဈေးနှုန်းက ပြောင်းလဲရပါတယ်။ မွေးမြူတဲ့အခါ ဥနှုန်းမကျစေဖို့ ပရိုတင်းပြည့်နေအောင် ပြည်ပကတင်သွင်းတဲ့ ပဲပုပ်အစာနဲ့ ဆေးတွေကိုလည်းသုံးရပါတယ်။ အခုက မွေးမြူရေး လုပ်ငန်းတွေအတွက် အစာနဲ့ လျှပ်စစ်မီးလိုအပ်ချက်က ရှိနေပါတယ်” ဟု တောင်ငူမြို့ ရွှေဝါကြက်မွေးမြူရေး လုပ်ငန်းမှ မွေးမြူရေးလုပ်ငန်းရှင် ဦးရဲဝင်းက ပြောသည်။

 

 

စင်စစ်အားဖြင့် တိုင်းရင်းကြက် မွေးမြူရေးလုပ်ငန်းသည် ကျေးလက်ဒေသ တောင်သူလယ်သမားများအတွက် ဖြစ်စေ၊ စီးပွားဖြစ်မွေးမြူဆောင်ရွက် လိုကြသည့် မွေးမြူရေးလုပ်ငန်းရှင်များ အတွက်ဖြစ်စေ သင့်လျော်သည့် စီးပွား ဖြစ် မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်သည့် အတွက် တိုင်းရင်းကြက်စီးပွားဖြစ် မွေးမြူထုတ်လုပ်မှု တန်ဖိုးကွင်းဆက် တစ်လျှောက် ဖွံ့ဖြိုးတိုးတက်မှုရရှိရေး အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဆောင်မှု၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြိုးပမ်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။