အော့တဝါ စက်တင်ဘာ ၁

 

ကနေဒါနိုင်ငံ၏   ၂၀၂၃   ခုနှစ် တော မီးလောင်မှုများကြောင့် ထွက်ရှိလာသည့် ကာဗွန်ထုတ်လွှတ်မှုပမာဏသည် နိုင်ငံအတွင်း ၂၀၂၂ ခုနှစ် ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကြောင့် ထွက်ရှိလာသော ကာဗွန်ထုတ်လုပ်မှုထက် ပို၍များပြားကြောင်း သိပ္ပံပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့က ခန့်မှန်းထားသည်။

 

စတုရန်းကီလိုမီတာ ၁၅၀၀၀၀ ခန့် လောင်ကျွမ်းရာမှ ထွက်ရှိခဲ့သည့် မီးခိုးငွေ့များသည် နယ်စပ်ဖြတ်ကျော်ကာ နယူးယောက်ကဲ့သို့ အမေရိကန်အရှေ့ဘက်ခြမ်းသို့ ပျံ့နှံ့သွားခဲ့သည်။ အပြည်ပြည်ဆိုင်ရာမှ သိပ္ပံ ပညာရှင်များ ပါဝင်သည့် အဖွဲ့သည် ၎င်းတို့၏သုတေသနကို သိပ္ပံဂျာနယ်တွင် ဖော်ပြခဲ့သည်။ ဂြိုဟ်တုနှင့် အခြားသောအချက် အလက်များအပေါ် အခြေခံကာ သုတေသနပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် မေလမှ စက်တင်ဘာလ အတွင်း တောမီးကြောင့် အကြမ်းဖျင်းအားဖြင့် ကာဗွန်တန်ချိန် ၆၄၇ သန်းကို ထုတ်လွှတ်ခဲ့သည်ဟု ခန့်မှန်း ထားသည်။

 

အဆိုပါပမာဏသည် ကနေဒါနိုင်ငံ၏ နှစ်စဉ်ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကြောင့် ထွက်ရှိလာသည့် ကာဗွန်ပမာဏထက် လေးဆပို၍ များပြားကြောင်း သုတေသနအဖွဲ့က ပြောသည်။ ယင်းပမာဏသည် အိန္ဒိယ နိုင်ငံ၏ ၂၀၂၂ ခုနှစ် ကာဗွန် ထုတ်လွှတ်မှုပမာဏနှင့် ယှဉ်နိုင်သည်။ ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကြောင့် တောမီးများ ပျံ့နှံ့လောင်ကျွမ်းမှု ဖြစ်စေခဲ့သည် ဟု အဆိုပါအဖွဲ့က ပြောသည်။

 

အင်န်အိတ်ချ်ကေ