ဝါရှင်တန် ၄ မတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံအကြားတွင် ကောင်းမွန်သော ဆက်ဆံရေးရှိပါကြောင်း ကွန်ဆာဗေးတစ်ပါတီ နိုင်ငံရေးလှုပ်ရှားမှု အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟုယနေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။
မတ် ၃ ရက်တွင် ကျင်းပခဲ့သည့် ကွန်ဆာဗေးတစ်ပါတီနိုင်ငံရေးလှုပ်ရှားမှု အစည်းအဝေး၌ ပြောကြားသည့်မိန့်ခွန်းတစ်ရပ်တွင် သမ္မတထရန့်က မကြာသေးမီက ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် ဝါရှင်တန်-ပြုံယမ်း ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့သည်။
သမ္မတထရန့်က ၎င်းအနေဖြင့် ခေါင်းဆောင်ကင်နှင့်ဆွေးနွေးညှိနှိုင်းမှုကို ဆောလျင်စွာ အဆုံးသတ်ခဲ့ကြောင်းနှင့် နောင်အနာဂတ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော်ဆောင်ရွက်ရန် အခွင့်အလမ်းများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်မြောက်ကိုရီးယားနိုင်ငံသည် သမ္မတအိုဘားမားလက်ထက်တွင် နျူကလီးယားလက်နက် စမ်းသပ်ပစ်လွှတ်မှုများ ရှိခဲ့သော်လည်း ၎င်းလက်ထက်တွင် နျူကလီးယားလက်နက်စမ်းသပ်ရန် ရပ်ဆိုင်းခဲ့ကြောင်း သမ္မတထရန့်က ထောက်ပြပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် အပြီးတိုင်စွန့်ပယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမည်ဆိုပါက နိုင်ငံနှင့်ပြည်သူများအတွက်ကောင်းမွန်သော စီးပွားရေးအသီးအပွင့်များ ရရှိနိုင်မည်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း သမ္မတထရန့်က ဆိုသည်။
ကွန်ဆာဗေးတစ်ပါတီ နိုင်ငံရေးလှုပ်ရှားမှုအစည်းအဝေးတွင် ပြောကြားခဲ့သော သမ္မတထရန့်၏ မိန့်ခွန်းတွင် ကွန်ဆာဗေးတစ်များက ပြုံယမ်းအား ကူညီထောက်ပံ့မှုများ စွမ်းဆောင်ပေးနိုင်သည်ဟု ထင်မြင်ယူဆရန်လာမည့်နှစ် ရွေးကောက်ပွဲအတွက် ကြိုတင်မဲဆွယ်သည့်သဘော သက်ရောက်လျက်ရှိသည်ဟု နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက ဆိုသည်။
အင်န်အိတ်ချ်ကေ