စက်တင်ဘာ ၂
အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်တွင် မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ၁၂ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့ကပြောသည်။ အန်ဒရာပရာဒေ့ရှ်ပြည်နယ်တွင် ကိုးဦးသေဆုံးခဲ့ပြီး အိမ်နီးချင်း တီလန်ဂါနာပြည်နယ်တွင် သုံးဦးသေဆုံးခဲ့သည်ဟု သိရသည်။
ဗီဂျေယာဝါဒါမြို့တွင် ဩဂုတ် ၃၁ ရက်က မြေပြိုမှုဖြစ်ပွားခဲ့ရာ ငါးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။ ဂန်တာခရိုင် မန်ဂါလာဂီရီဒေသတွင် ကျောက်တုံးကြီးတစ်တုံး နေအိမ်ပေါ်သို့လဲကျပြီးနောက် အသက်ကြီးအမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ဂန်တာမြို့အနီး အပ်ပါလာပါဒူကျေးရွာတွင် ရေကြီးရေလျှံမှုကြောင့် ကားတစ်စီး ရေစီးဖြင့်မျောပါသွားရာ ကားအတွင်းရှိလူသုံးဦးသေဆုံးသွားခဲ့သည်။
ရဲတပ်ဖွဲ့၊ ပြည်နယ်သဘာဝဘေးတုံ့ပြန်ရေးနှင့် အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးအဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။ မြေနိမ့်ဒေသများမှ ဒေသခံများကို ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ဒေသအသီးသီးမှ လူ ၈၀ နီးပါးကို ကယ်ဆယ်ပေးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို