ဒမတ်စကတ် ၄ မတ်
အိုင်အက်စ်အစွန်းရောက် စစ်သွေးကြွအဖွဲ့နှင့် သက်ဆိုင်သည်ဟု ယူဆရသည့် ဆီးရီးယားနိုင်ငံသား ၃၀ဝ နီးပါးကို ဆီးရီးယားရှိ ကာ့ဒ်တိုက်ခိုက်ရေးအဖွဲ့က လွှတ်ပေးလိုက်ကြောင်း သိရသည်။ ၎င်းတို့လက်တွင် သွေးများစွန်းထင်းမှုမရှိသည့်အတွက် အပြစ်မရှိသောကြောင့် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ကာ့ဒ်တိုက်ခိုက်ရေးအဖွဲ့ အာဏာပိုင်များက ပြောကြားလိုက်ကြောင်း သိရသည်။
ဆီးရီးယားမြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာ့ဒ်အုပ်ချုပ်ရေးအဖွဲ့က ဆီးရီးယားနိုင်ငံသားများအား လွှတ်ပေးလိုက်ကြောင်းကို စနေနေ့ နှောင်းပိုင်းက ကြေညာခဲ့ပြီး ယင်းဖော်ပြချက်တွင် ဆီးရီးယားနိုင်ငံသား ၂၈၃ ဦးကို လွတ်မြောက်ခွင့်ပေးလိုက်သည်ဟု ဆိုထားသည်။
ဖမ်းဆီးထားသည့် ဆီးရီးယား နိုင်ငံသားများ လွတ်မြောက်ရေးအတွက် မျိုးနွယ်စုအကြီးအကဲများနှင့် အခြား သော ဒေသဆိုင်ရာအာဏာပိုင်များက စည်းရုံးပြောဆိုမှုများ လုပ်ဆောင်ခဲ့သည်။
ဖော်ပြချက်တွင် ၎င်းတို့သည်ဆီးရီးယားနိုင်ငံသားများ၏ သွေးများ စွန်းထင်းခြင်းမရှိသည့် အမျိုးသားများ ဖြစ်ပြီး မည်သည့်တိုက်ခိုက်သတ်ဖြတ်မှုတွင်မျှ ပါဝင်ခဲ့ခြင်းမရှိကြောင်း ဖော်ပြထားသည်။ ၎င်းတို့အား လွှတ်ပေးလိုက်ခြင်းသည် ပူးပေါင်းဆောင်ရွက်ရာ ရောက်ပြီး သက်ညှာမှုရှိသည့် အပြုအမူတစ်ခုဖြစ်ကြောင်း ကာ့ဒ်အဖွဲ့ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရက်တစ် အဖွဲ့၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ရက်ကွာမြို့အပါအဝင် ကာ့ဒ်အုပ်စုများ ထိန်းချုပ်ထားသည့် ဆီးရီးယား မြောက်ပိုင်းရှိ ဧရိယာအချို့တွင် အကျဉ်း သားများကို လွှတ်ပေးခဲ့သည်။ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှုအဖွဲ့က ယခုကဲ့သို့လွှတ်ပေးခြင်းသည် ကာ့ဒ်အဖွဲ့အာဏာပိုင်များအနေဖြင့် အိုင်အက်စ်အဖွဲ့နှင့်ဆက်နွှယ်နေသည့် အကျဉ်းသားများအား ပထမဆုံးအကြိမ်လွှတ်ပေး ခြင်း မဟုတ်ကြောင်း၊ သို့သော်လည်ယခု လွှတ်ပေးလိုက်သည့် အရေအတွက်ပမာဏမှာ အတော်လေးများပြားကြောင်း ပြောကြားခဲ့သည်။
ဆီးရီးယား ဒီမိုကရက်တစ်အဖွဲ့သည် ပြည်ပမှ ဂျီဟတ်စစ်သွေးကြွ အမြောက်အမြားကို ဖမ်းဆီးထားပြီး အိုင်အက်စ်အဖွဲ့ဝင်များနှင့် ဆက်နွှယ်နေသည့် အမျိုးသမီးများနှင့် ကလေး ငယ်များလည်း ပါဝင်သည်။ ကာ့ဒ်အဖွဲ့သည် ဆီးရီးယားရှိ အိုင်အက်စ်တို့ကို တိုက်ခိုက်ချေမှုန်းရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
အေအက်ဖ်ပီ