နေပြည်တော် စက်တင်ဘာ ၂

 

၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ယနေ့အချိန်အခါတွင် တက္ကသိုလ်အားကစား ကဏ္ဍကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်များ၊ နိုင်ငံတော် အကြီးအကဲ၏ အားပေးလမ်းညွှန်မှုများအရ စဉ်ဆက်မပြတ် မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ ယခုကျင်းပသည့် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကို “တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့” ဆိုသည့် ဉီးတည်ချက်နှင့် ကျင်းပပေးခြင်းဖြစ်ပြီး ယခုပြိုင်ပွဲမှတဆင့် ထူးချွန်ထက်မြတ်သည့် တက္ကသိုလ်ကျောင်းသား အားကစားသမားများကို ရွေးချယ်လေ့ကျင့်ပြီး အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြစေမည် ဖြစ်ပါကြောင်း။

 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်နိုင်ငံတော်အတွက် အဓိကစွမ်းအားစုသည် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များပင်ဖြစ်ပါကြောင်း၊ လူငယ်များကို အားကစားကဏ္ဍအပါအဝင် ဘက်စုံ၊ ကဏ္ဍစုံတွင် နိုင်ငံ၏ သားကောင်းသမီးကောင်းများ ဖြစ်လာစေရန် နိုင်ငံတော်က ဘက်စုံပညာရေးကို အကောင်အထည်ဖော်ပေးလျက် ရှိပါကြောင်း၊ ထို့ကြောင့် ယခုဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ဝန်ကြီးဌာန အသီးသီးမှ အုပ်ချုပ်သူများ၊ နည်းပြများ၊ ကျောင်းသား အားကစားသမားများအနေဖြင့် မိမိတို့၏ အရည်အချင်းများကို ဖော်ထုတ်ပြီး တက္ကသိုလ်ကျောင်းသားများ၏ ဂုဏ်သိက္ခာနှင့်အညီ ညီညီညွတ်ညွတ် စည်းကမ်းရှိရှိ၊ ပျော်ပျော်ရွှင်ရွှင်၊ ချစ်ကြည်ရင်းနှီးစွာဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြပြီး တက္ကသိုလ် လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်အထိ အောင်မြင်မှုများရရှိစေရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားရင်း ၂၀၂၄ ခုနှစ် ဝန်ကြီးဌာန ပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေး လိုက်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄) ချက်ကို ရွတ်ဆိုကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန်ဖေနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီး နှီး လိုက်လံနှုတ်ဆက်ကြသည်။

 

ဆက်လက်၍ မိတ္တီလာပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသူလေးများက ပန်းပွားအကဖြင့် သရုပ်ဖော် ဖျော်ဖြေကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

 

ယနေ့ပွဲစဉ်အဖြစ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကိုယ်စားပြု ဘောလုံး အသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ကိုယ်စားပြုဘောလုံးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကိုယ်စားပြု ဘောလုံးအသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ကိုယ်စားပြုဘောလုံးအသင်း ကို ၇ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 

၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကို တက္ကသိုလ်များ၏ ဘောလုံးအားကစား အဆင့်အတန်းကို မြှင့်တင်ရန်၊ ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေးကို အပြည့်အဝ အထောက်အကူဖြစ်စေရန်၊ အားကစားစိတ်ဓာတ်ကို အရင်းခံပြီး အချင်းချင်းရင်းနှီးမှု၊ ဇွဲရှိမှု၊ သည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိမှု၊ စည်းကမ်းဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာမှု၊ ယဉ်ကျေးသိမ်မွေ့မှုနှင့် နိုင်ငံ့သားကောင်းများဖြစ်မှု စသည့်ကောင်းမြတ်သော အရည်အသွေးများဖြင့် ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန်၊ တက္ကသိုလ်ဘောလုံးပြိုင်ပွဲမှ ထွက်ပေါ်လာမည့် ထူးချွန်အားကစားသမားများမှသည် နိုင်ငံတော်အတွက်အားထားရသည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

 

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးတို့မှ သက်ဆိုင်ရာဝန်ကြီးဌာန ကိုယ်စားပြု တက္ကသိုလ်များ ဘောလုံးအသင်း (၇) သင်း တို့ ပါဝင်ပြီး ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၉ ရက် အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

 

ယခု ၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲတွင် အသင်းလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု စတုတ္ထဆုနှင့် နေရာအလိုက် တစ်ဦးချင်း အကောင်းဆုံး ဆုများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည့်အပြင် ထူးချွန်သည့် ဘောလုံးအားကစားသမားများကို လာမည့် ၂၀၂၆ ခုနှစ် မလေးရှားနိုင်ငံတွင် ကျင်းပမည့် (၂၂) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် ဘောလုံး လက်ရွေးစင် အားကစားသမားများအဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

 

သတင်းစဉ်