ဒါကာ၊ စက်တင်ဘာ ၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒေသများတွင် ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူဦးရေသည် အမျိုးသမီး ခြောက်ဦးနှင့် ကလေးငယ် ၁၈ ဦး အပါအဝင် ၆၇ ဦး ရှိလာခဲ့ကြောင်း နိုင်ငံ၏ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအေဂျင်စီက စက်တင်ဘာ ၂ ရက်တွင် ပြောကြားသည်။
အဆိုးရွားဆုံးထိခိုက်မှုဖြစ်ပွား
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသား သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး ညှိနှိုင်းရေးစင်တာမှ ထုတ်ပြန်သည့် စာရင်းများအရ နိုင်ငံ၏အရှေ့တောင်ပိုင်း ခရိုင်သုံးခုဖြစ်သည့် ဖီနီ၊ ကူမီလ်လာနှင့် နိုယာခါလီတို့သည် အဆိုးရွားဆုံး ထိခိုက်မှုဖြစ်ပွားသည့် ခရိုင်များဖြစ်ပြီး ယင်းခရိုင် သုံးခု၌ ယခုအချိန်အထိ လူ ၅၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယခုရက်သတ္တပတ်များအတွင်း မကြုံစဖူး ရေကြီးမှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ခရိုင် ၆၄ ခုအနက် ၁၁ ခုတွင် ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ခြောက်သန်းနီးပါး ထိခိုက်ခဲ့ပြီး အသက်၊ အိုးအိမ်စည်းစိမ်နှင့် သီးနှံစိုက်ခင်းများ ကြီးမားစွာပျက်စီးခဲ့သည်။
အရှေ့တောင်ပိုင်းနှင့် အရှေ့မြောက်ပိုင်းခရိုင်များတွင် ရေကြီးရေလျှံမှုများကြောင့် သောင်တင် နေသူ ၆၀၅၇၆၇ ဦးရှိကြောင်း နောက်ဆုံးထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ သို့ရာတွင် ရေဘေးသင့်ဒေသများ၌ ရေပြန်ကျစ ပြုနေပြီဖြစ်သောကြောင့် အရှေ့တောင်ပိုင်းခရိုင် အများအပြားတွင် ရေကြီးရေလျှံမှုအန္တရာယ် အခြေအနေများမှာ လျှော့နည်းလာကြောင်း သိရသည်။
အာဏာပိုင်များသည် ရေဘေးသင့်ပြည်သူများ ခိုလှုံရာနေရာများသို့ ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ရန်၊ ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေပေးကာ ကြီးကြပ်ကွပ်ကဲရန်အတွက် သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့များကို စေလွှတ်ထားကြောင်း သိရသည်။ ကိုး
ကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်