ဘေရွတ် ၄ မတ်
နိုင်ငံတကာ အမျိုးသမီးများနေ့မတိုင်မီ လက်ဘနွန်ပြည်သူများသည် ကလေးသူငယ်လက်ထပ်ထိမ်းမြားမှုကို ဆန့်ကျင်သည့်အနေဖြင့် ဘေရွတ်၌ ဆန္ဒဖော်ထုတ်မှု လုပ်ဆောင်ခဲ့ကြပြီး လက်ထပ်ထိမ်းမြားသည့် အသက်အရွယ်ကို အနည်းဆုံး ၁၈ နှစ်အဖြစ် သတ်မှတ်ရေးဥပဒေပြဋ္ဌာန်းပေးရန် ပါလီမန်လွှတ်တော်ကို ဖိအားပေးလျက်ရှိကြောင်း သိရသည်။
မိုးများ သည်းထန်စွာ ရွာသွန်းနေသော်လည်း ရာနှင့်ချီသော ဆန္ဒပြ ပြည်သူများသည် လက်ဘနွန်၌ ကလေးသူငယ် ထိမ်းမြားလက်ထပ်မှုကို ကာကွယ်တားဆီးရေး ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရန်အတွက် စနေနေ့က Adlieh မှ ဘေရွတ်မြို့အစွန်အဖျားထိ ချီတက်စုဝေးခဲ့ကြသည်။
ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုကို တားဆီးသည့် ဥပဒေတစ်ရပ်အတည်ပြုရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယင်းအချက်သည် အမျိုးသမီးများ၏အခွအရေးတစ်ခု ဖြစ်ရုံသာမက လူ့အခွင့်အရေး တစ်ခုလည်းဖြစ်ကြောင်း ဆန္ဒပြ အမျိုးသမီးတစ်ဦးက ဆင်ဟွာသို့ ပြော ကြားခဲ့သည်။
စနေနေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲကို လက်ဘနွန် ဒီမိုကရက်တစ် အမျိုးသမီးများ စုဝေးမှုအဖွဲ့၊ ကလေးသူငယ်များ အရွယ်မရောက်မီ လက်ထပ်ထိမ်းမြားမှု ကာကွယ်တားဆီးရေးဆိုင်ရာ အမျိုးသား မဟာမိတ်အဖွဲ့နှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်း ၅၇ ခုတို့ အတူတကွပူးပေါင်းကာ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဆန္ဒပြ ပြည်သူများသည် “အသက်ငယ်လေလေ၊ ပို၍အန္တရာယ်ကြီးလေလေ”ဟူသော စာတန်း အမှတ်အသားများပါသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားပြီး ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုကို ဆန့်ကျင်သည့် ဆောင်ပုဒ်များကိုကြွေးကြော်အော်ဟစ်ခဲ့ကြသည်။ လူထုစုဝေးမှုအတွင်း ပါဝင်ခဲ့သည့် ဥပဒေအမတ်တစ်ဦးဖြစ်သူ ဘီလယ်လ်အဘဒယ်လာက လက်ဘနွန်၌ ယင်းဥပဒေကို ပြဋ္ဌာန်းရန်မှာ မလွယ်ကူလှကြောင်း၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံသည် ဂိုဏ်းဂဏအစွဲကြီး မားပြီး ရှေးရိုးစွဲဆန်လွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆင်ဟွာ