မြင့်မြတ်
ယခုရက်သတ္တပတ်တွေအတွင်း မြန်မာနိုင်ငံရဲ့ အရှေ့၊ အနောက် အိမ်နီးချင်းနှစ်နိုင်ငံက ဝန်ကြီးချုပ်တွေ နုတ်ထွက်ခဲ့ရတဲ့ဖြစ်စဉ်တွေနဲ့တကွ မြန်ဆန်တဲ့အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝန်ကြီးချုပ် ရှိတ်ဟာဆီနာတစ်ယောက် ပြင်းထန်တဲ့ လူထုအုံကြွမှုဒဏ်မခံနိုင်ဘဲ ပြည်ပသို့ ထွက်ပြေးခဲ့ရအပြီး မကြာခင်မှာပဲ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကနေ အခြေခံဥပဒေချိုးဖောက်ပြီး တရားရုံးအရာရှိ တစ်ဦးကို လာဘ်ပေးလာဘ်ယူလုပ်ခဲ့သူကို ဝန်ကြီးချုပ်ရုံးဝန်ကြီးခန့်မိတဲ့ အပြစ်ထင်ရှားလို့ ဝန်ကြီးချုပ် ဆာရက်သာဗီဆင် ရာထူးက နားခဲ့ရပြန်ပါတယ်၊၊
ထိုနှစ်နိုင်ငံနည်းတူ အိန္ဒိယနိုင်ငံမှာလည်း တိုက်တိုက်ဆိုင်ဆိုင် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တယ်။ အမိမြန်မာနိုင်ငံ အခြေအနေကြည့်ပြန်ရင်လည်း ဘက်စုံထောင့်စုံက တိုက်ခိုက်ခံနေရချိန်၊ ပြည်တွင်း ပြည်ပ ဖိအားအမျိုးမျိုးအောက်မှာ သွေးခွဲခံနေရချိန်၊ ပြည်တွင်းစည်းလုံးညီညွတ်မှုအားကို အရယူကြိုးစား တည်ဆောက်နေရချိန်၊ ပြည်ပက မိတ်ဆွေစစ်စစ် မဟာမိတ်တွေရဲ့အားကို အရယူနေရတဲ့ အခြေအနေမှာ အစစအရာရာ ဘက်ပေါင်းစုံက သုံးသပ်ဆောင်ရွက်နေရတဲ့ အနေအထားလည်း ဖြစ်နေတယ်။
ပထဝီနိုင်ငံရေးအခြေအနေပြောင်းလဲစေတဲ့ အိမ်နီးချင်းရဲ့အဖြစ်
ရှိတ်ဟာဆီနာ မောင်းထုတ်ခံရပြီး ကြားဖြတ်ဝန်ကြီးချုပ် ဖြစ်လာသူ မိုဟာမက် ယူနွတ်ဟာ စွန့်ဦးတီထွင် ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့ပြီး ထုံးစံအတိုင်း စီးပွားရေးသမား၊ နိုင်ငံရေးသမား နိုဘယ်ဆုရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ အနောက်အုပ်စုရဲ့ ကြိုးကိုင်ခံရသူဖြစ်ပြီး အနောက်ယိမ်းသူတစ်ဦးလို့ ဆိုကြတယ်။ ယခုကြားဖြတ် ဝန်ကြီးချုပ်ဟာ ရှိတ်ဟာဆီနာလက်ထက်မှာ ထောင်ကျခဲ့ဖူးတဲ့အတွက် နိုင်ငံရေးအာဃာတ ပြင်းထန်လာနိုင်တယ်။
တစ်ချိန်က ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးမှာ အဓိက ဦးဆောင်သူဖြစ်ခဲ့ပြီး ပြည်သူ့အကျိုးဆောင်ခဲ့သူဖြစ်ပေမယ့် နိုဘယ်ဆုရှင်တစ်ဦး အုပ်ချုပ်တော့မယ့် အိမ်နီးချင်း တိုင်းပြည်ရဲ့ အနာဂတ်ကိုတော့ ရင်လေးမိတာအမှန်ပဲ။ ကမ္ဘာ့သမိုင်း သင်ခန်းစာတွေအရ စဉ်းစားမိတာ ဖြစ်ပါတယ်။ တိုင်းပြည်အတွက် စေတနာမှန်တယ်ဆိုဦးတော့ နိုဘယ်ဆုရှင်တွေ အုပ်ချုပ်လိုက်တဲ့ တိုင်းပြည်တချို့မှာ ပြိုကွဲပျက်စီးကိန်းကြုံရလေ့ရှိတဲ့အချက်ဟာ တိုက်ဆိုင်မှုမှ ဟုတ်ရဲ့လား တွေးမိတယ်။
ရှိတ်ဟာဆီနာဟာ အနောက်နဲ့ တရုတ်ကြားမှာ ခွချက်နေရာယူခဲ့ပုံရပြီး BRI အကျိုးစီးပွားအရ တရုတ်နဲ့ ပိုနီးစပ်ခဲ့တဲ့အတွက် အနောက်အုပ်စုက မျက်စိစပါးမွေးစူးခဲ့သလို ဟိန္ဒူလူနည်းစုရဲ့ ထောက်ခံမှုယူပြီး အိန္ဒိယနဲ့လည်း အလွမ်းသင့်တဲ့အတွက် ရန်သူတော်ကြီး ပါကစ္စတန်နဲ့ မသင့်မတင့် ဖြစ်တာကြာပါပြီ။ ဝန်ကြီးချုပ်ဟောင်းအပေါ် သူ့ပြိုင်ဘက်တွေက ဘယ်လောက်အထိ အငြိုးကြီးသလဲဆိုရင် ဆူပူအုံကြွမှုအတွင်း အစိုးရရဲ့ရက်စက် ကြမ်းကြုတ်မှုလုပ်ရပ်တွေကို စစ်ဆေးဖို့ဆိုပြီး ကုလသမဂ္ဂကို မိမိနိုင်ငံအတွင်း ဖိတ်ခေါ်ထားတဲ့ အထိပါပဲ၊၊
ကိုယ့်ပြည်တွင်းရေး ကိုယ့်အင်အားနဲ့ မဖြေရှင်းဘဲ ပြည်ပအားကိုးခြင်းဟာ အဓိကက ရှိတ်ဟာဆီနာကို ကလဲ့စား ပစ်မှတ်ထားခြင်းဖြစ်ပြီး အနောက်ယိမ်းသမားတွေရဲ့ အမေကျော် ဒွေးတော်လွမ်းတဲ့လုပ်ရပ်လို့ ပြောလို့ရသလို ပြည်တွင်းပြည်ပ ပူးပေါင်းထိုးနှက်ချက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ တရုတ်နိုင်ငံက ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်အတွက် အားထားရာ လက်ရုံးတစ်ယောက် လက်လွှတ်လိုက်ရတဲ့အတွက် လတ်တလော ဒီအရေးအခင်းမှာ အမေရိကန်နဲ့ တရုတ်အကြား ဘယ်သူကအသာရပြီး ဘယ်သူခံလိုက်ရသလဲဆိုတာ ခပ်ရေးရေးအကဲခတ်လို့ ရနိုင်ပါတယ်။
ပင်လယ်ထွက်ပေါက်အတွက် နောက်ထပ် အချက်အချာနေရာမှာရှိနေတာက မြန်မာနိုင်ငံ ဖြစ်တယ်။ သို့ပေမယ့် နိုင်ငံရဲ့အနောက်နဲ့အရှေ့မှာ ဒီလိုတွေဖြစ်နေချိန် မြန်မာနိုင်ငံမှာတော့ ပြည်တွင်း ပြည်ပအဖျက်သမားတွေရဲ့ အဖျက်အမှောင့်မျိုးစုံနဲ့ ပြည်ဖျက်စီမံကိန်းများစွာကို အပြင်းအထန် ရင်ဆိုင်နေရချိန်လည်းဖြစ်တယ်။ အထူးသဖြင့် ပတ်ဝန်းကျင် ပထဝီနိုင်ငံရေးအပြောင်းအလဲအရ နိုင်ငံရဲ့အနောက်တံခါးပေါက်နဲ့ အနောက်မြောက်ပိုင်း အနေအထားက တစ်မျိုးသားလုံးသတိထားရမယ့် အခြေအနေဖြစ်လာပါတယ်။ စစ်ဘုရင်ဝါဒီတွေနဲ့ မူးယစ်ရာဇာ အဖျက်သမားတွေရဲ့အတ္တကြောင့် နိုင်ငံ့အချုပ်အခြာ ကျိုးပဲ့မပါရေးဟာ ယခုလိုအခြေအနေ မှာ အထူးအရေးကြီးလာပြီ ဖြစ်ပါတယ်။
နယ်ချဲ့အလိုကျ အမျိုးသားရေးစိန်ခေါ်မှုများ ရှိလာနိုင်
ယနေ့နိုင်ငံငယ်အချို့ရဲ့ နိုင်ငံရေးဖြစ်စဉ်တွေအရ နိုင်ငံကြီးတွေက သူတို့မလိုအပ်တော့တဲ့အချိန်မှာ နိုင်ငံငယ်တွေရဲ့ ခေါင်းဆောင်တွေဟာ ခေါင်းစဉ်အမျိုးမျိုး အပြခံရပြီး ဖြုတ်ချခံ၊ နုတ်ထွက်ခံလိုက်ရတဲ့ ဖြစ်စဉ်တွေ တွေ့လာရတယ်။ သူတို့အလိုကျဖြစ်အောင် အကြောင်းပြ၊ လျှို့ဝှက်ဖိအားပေးတဲ့နည်း၊ ခေါင်းမာတဲ့ ခေါင်းဆောင်ဆိုရင် မြှုပ်နှံထားတဲ့ ယူဂျီအားနဲ့ သွေးထိုးလှုံ့ဆော်၊ တော်လှန်ရေးအမည်ခံပြီး လူထုအုံကြွမှုဖြစ်စေတဲ့ မသမာနည်းလမ်းတွေနဲ့ အစိုးရပြုတ်ကျအောင် လုပ်လာကြတယ်။
အစိုးရ မပြုတ်ကျခဲ့ရင် ပြည်တွင်းစစ်ကို ဖန်တီး၊ နိုင်ငံတွင်းသွေးချောင်းစီးစေပြီး နိုင်ငံအလုံးစုံ ပျက်သုဉ်းအောင် ဖန်တီးလေ့ရှိကြတယ်။ ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒနဲ့အညီတက်လာတဲ့ အစိုးရဖြစ်နေဦးတော့ အနောက်လက်မည်းကြီးတွေရဲ့ အလိုကို မလိုက်လျောနိုင်ရင် ဖြုတ်ချခံရတဲ့ အစဉ်အလာများစွာ ကြုံခဲ့ဖူးပြီပဲ၊ အနောက်လိုလားတဲ့ ဒီမိုကရေစီအစိုးရဖြစ်နေပေမယ့် တစ်ချိန်မှာ သူတို့ဆန္ဒအတိုင်း ဖြစ်မလာခဲ့ရင်လည်း ဖြုတ်ချခံရကိန်းရှိတယ်။
ယူကရိန်း၊ ပါကစ္စတန်၊ ယခု ဘင်္ဂလားဒေ့ရှ် အခြေအနေတွေကနေ လေ့လာလို့ရနိုင်ပါတယ်။ ရှိတ်ဟာဆီနာဆိုရင် စိန့်မာတင်ကျွန်းမှာ စစ်အခြေစိုက်စခန်းတည်ခွင့် အမေရိကန်က တောင်းခဲ့တာကို ငြင်းပယ်ခဲ့တဲ့အတွက် နိုင်ငံတွင်း သွေးချောင်းစီးခဲ့ရပြီး ယခုလိုသူရာထူးက ဆင်းပေးရတဲ့ အခြေအနေရောက်ခဲ့ရကြောင်း ဖော်ထုတ်ခဲ့တာကို ကြည့်ပြီးသုံးသပ်နိုင်ပါတယ်။ သူကျရှုံးရပြီး နောက်ထပ်ဝန်ကြီးချုပ် အသစ်တက်လာပေမယ့် နိုင်ငံရဲ့ လူ့အဖွဲ့အစည်းအတွင်းမှာတော့ အက်ကြောင်းတွေဖြစ်သွားခဲ့ရပါပြီ။ ဒီအကွဲအပြဲဟာ အနောက် နယ်ချဲ့တို့အကြိုက် ရေရှည်ပုံဖော်ထားတဲ့ ဒေသတွင်းမှာ ဖြစ်လာနိုင်တဲ့ ပဋိပက္ခတစ်ခုအဖြစ် ကြိုတင် မြင်ထားဖို့ လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်က အကြမ်းဖက်တွေကို အသုံးချပြီး ကျွန်တော်တို့ရဲ့ အနောက်တံခါးပေါက် အချုပ်အခြာပဲ့ပါမယ့်အရေး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
နှစ်နိုင်ငံနယ်စပ်မှာ ဘာသာခြား၊ လူမျိုးခြား နိုင်ငံသစ်တစ်ခုပေါ်ထွန်းလာရေး အနောက်နယ်ချဲ့တို့ရဲ့ အိပ်မက်ကို အထူးသတိထားရပါမယ်။ ဒါကြောင့် အထက်မှာတင်ပြခဲ့သလို တစ်မျိုးသားလုံး သတိထားရမယ့် အမျိုးသားရေးဆိုတာ ဒီအချက်ကိုပဲပြောတာပါ။ အနောက်အုပ်စုဟာ တရုတ်၊ ရုရှား ယိမ်းတဲ့အစိုးရတွေ အမျိုးသားရေး အားသန်တဲ့ အစိုးရတွေဆိုရင် မနှစ်မြို့ပါဘူး။ သင်ခန်းစာများအရ ကမ္ဘာ့အင်အားကြီး တော်တော်များများဟာ နိုင်ငံငယ်တွေရဲ့ ပြည်တွင်းရေး ပဋိပက္ခအတွင်း အင်အားစုတွေအကြား မျှခြေ တစ်ခုဖြစ်အောင် ဘယ်တော့မှ ဖန်တီးလေ့မရှိကြတဲ့အတွက် တစ်ဖက်က ဖိအားလျော့သွားခဲ့ရင် ကျန်တဲ့ ဆန့်ကျင်ဘက်ကနေ ဖိအား ပြင်းပြင်းထန်ထန် ပေးတတ်တဲ့အကျင့်ကိုလည်း ထည့်တွက်ရပါမယ်။
ထာဝရမိတ်ဆွေ ထာဝရန်သူ
အရေးကြီးတဲ့အချက်က ဘယ်သူက ထာဝရမိတ်ဆွေ၊ ဘယ်သူက အမြဲတမ်းရန်သူ ဖြစ်သလဲဆိုတာပဲ။ ယနေ့ကမ္ဘာနဲ့ မြန်မာအခင်းအကျင်းအပေါ် မြင်သိကြားသိချက်တွေအရ အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်း ရန်သူရယ်လို့လည်း မရှိပြန်ပါဘူး။ ရန်သူရဲ့ရန်သူဟာ မိမိရဲ့မိတ်ဆွေဖြစ်နေတဲ့အတွက် မိမိအကျိုးစီးပွားကို ကြည့်ပြီး ရေတို၊ ရေရှည်မဟာမိတ်ဆိုတာ ရှိရမှာပါပဲ။ အကျိုးစီးပွားပဓာနဖြစ်တဲ့အတွက် နိုင်ငံအချင်းချင်းကြားမှာ စိတ်ရင်းနဲ့ ပြောဆိုကြခြင်း ဟုတ်မဟုတ် မှန်းရခက်ပါတယ်။
အစ္စရေး - ဟားမားစ်ပဋိပက္ခမှာ အမေရိကန်က လူသားချင်းစာနာထောက်ထားပြီး အပစ်အခတ်ရပ်ကြဖို့ အသံကောင်း ဟစ်နေပေမယ့် တစ်ချိန်တည်းမှာ သူကိုယ်တိုင်က အစ္စရေးကို လူသတ်လက်နက်တွေ ဆက်တိုက် ထောက်ပံ့နေပြီး အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်နေမှုကို မြင်နိုင်ရပါမယ်။ ဒါကြောင့် မဟာမိတ်စစ်စစ် ဆိုသည်မှာ အရေးကြုံရင်ကျောချင်းကပ်နိုင်ရမယ်၊ တစ်ဖက်ရဲ့ စိုးရိမ်ပူပန်မှုကို စာနာနားလည်ပြီး ကူညီပံ့ပိုးမှုပြုနိုင်ရမယ်၊ တစ်ဦးရဲ့အချုပ်အခြာကို တစ်ဦးက အပြန်အလှန် လေးစားမှုများ ရှိနေရမယ့်အပြင် လိုအပ်ရင် တစ်ဦးနဲ့တစ်ဦးက ကာကွယ်ပေးနိုင်ရမယ်။ ဒါမှမဟာမိတ်ဖြစ်ပါ တယ်၊ မိတ်ဆွေအစစ်ဖြစ်ပါတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဘယ်အရာမဆို အခွင့်အလမ်းဆိုတာ အမြဲမရနိုင်တဲ့ ကျွန်တော်တို့အတွက်တော့ မိတ်ဆွေရဖို့ဆိုရင် ယုံကြည်မှုတစ်ခုကို အပြန်အလှန် တည်ဆောက်နိုင်ရမယ်ဆိုတဲ့ အချက်ကလည်း အဖိုးတန်တဲ့ သင်ခန်းစာ တစ်ခုဖြစ်မှာပါ။ ယုံကြည်မှုကို အပြန်အလှန် မတည်ဆောက်နိုင်ကြတဲ့အတွက် နိုင်ငံအချင်းချင်းခွာပြဲရတဲ့ အနေအထားထိ ရောက်သွားခဲ့ရပုံကို အိမ်နီးချင်းနိုင်ငံနှစ်ခုက ဝန်ကြီးချုပ်တွေရဲ့ ဖြစ်အင်ကိုကြည့်ပြီး သင်ခန်းစာ ယူလို့ရနိုင်ပါတယ်။ ဒါပေမယ့် အမှန်တရားဟာ ဘယ်လောက်ပဲမှန်နေနေ အင်အားကြီးတို့ရဲ့ မီဒီယာထိုးစစ်အောက်မှာ ပျောက်ကွယ်သွားနိုင်တယ်၊ ပြည်သူ့အားဆိုတာကလည်း ကိုယ်ခံအား မကောင်းရင် အင်အားကြီးတို့ရဲ့ ဓနအင်အားနဲ့ ဖုံးလွှမ်းထားတဲ့ ဝါဒမှိုင်းအောက်မှာ ရှုံးနိမ့်ရနိုင်တယ်။ တကယ်တော့ ကိုယ်ခံအားဆိုတာ မျိုးချစ်စိတ်ဓာတ်နဲ့ ပညာဉာဏ်ကို အခြေခံတဲ့ ယုံကြည်ချက်၊ ခံယူချက်ပါပဲ။ အထူးသဖြင့် အနာဂတ်ကို ပိုင်ဆိုင်မယ့် လူငယ်ထုအတွက်ဆိုရင် ပိုအရေးကြီးကြောင်း ဒီနေရာကနေ တင်ပြလိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ အဓိကကတော့ ပြည်တွင်းအင်အားပါပဲ။ အားလုံးရဲ့ ညီညွတ်မှု၊ စည်းလုံးမှုကသာ အခရာပါ။ ယနေ့ကမ္ဘာ့အရေးအခင်းတွေဟာ မျက်စိလည်လမ်းမှားစရာ တစ်ပုံတစ်ပင်နဲ့ အင်မတန်ရှုပ်ထွေးပါတယ်။ မထင်မှတ်ထားတဲ့အရာတွေ အများကြီးကြားမှာ ကိုယ့်ဘက်က ပညာဉာဏ်ပြည့်ဝစွာနဲ့ လုပ်နိုင်ကိုင်နိုင် စဉ်းစားနိုင်မှ တော်ကာကျပါမယ်။ မဟုတ်ရင် အလိမ်ခံရမယ်၊ အဖြူအမည်း မခွဲခြားနိုင်ဘဲ လမ်းမှား ရောက်ရတတ်ပါတယ်။ စည်းလုံးညီညွတ်မှုအားနဲ့အတူ နိုင်ငံရဲ့စီးပွားရေး၊ စစ်ရေးအင်အားကို ဖွံ့ဖြိုး တိုးတက်အောင်၊ ဖွံ့ဖြိုးမှုကတစ်ဆင့် နိုင်ငံအခြေအနေတည်ငြိမ်အေးချမ်းနေအောင် ကျွန်တော်တို့အားလုံး လက်တွဲဆောင်ရွက် ကြရပါမယ်။
ကိုယ့်ပြည်တွင်းအားက ခိုင်မာနေရင် ခွန်အားရှိနေရင် ဘယ်လိုရန်သူမျိုးကိုမဆို တွန်းလှန်နိုင်မယ်၊ ဘယ်လို လှည့်စားမှုမဆို ချေဖျက်နိုင်ပါမယ်။ တစ်ကောင်တည်းနေလို့လည်း မရတဲ့အတွက် မိတ်ဆွေဆိုတာလည်း ရှိရမှာပါ။ ဆိုခဲ့သလို အမြဲတမ်းရန်သူမရှိ၊ အမြဲတမ်း မိတ်ဆွေဆိုလည်း မရှိ၊ ကိုယ့်ရဲ့ရန်သူဟာ ကိုယ့်မိတ်ဆွေပဲ ဆိုတဲ့ စကားရပ်အတိုင်း ရလာတဲ့အခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး မိမိတို့အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် အားသာချက်တွေကို ဆက်လက် တည်ဆောက်ကြရပါမယ်။
အရေးကြီးဆုံးသော ရင်းမြစ်အင်အားကတော့ နောင်တစ်ချိန် အားကိုးရမယ့် ယနေ့လူငယ်တွေပါပဲ။ ကျွန်တော်တို့လူငယ်လေးတွေဟာ ယခုလိုကာလမှာ ကမ္ဘာ့အရေး၊ မြန်မာ့အရေးများစွာကို ကောင်းကောင်း လေ့လာနိုင်တဲ့ အခွင့်အရေးတွေ ရရှိလာနေပါပြီ။ ဖြစ်စဉ်ဖြစ်ရပ်တွေကို လေ့လာတွက်ချက်ပြီး အကြောင်းနဲ့အကျိုး ဆက်စပ်မှုကဘာလဲ၊ ငါတို့ ပြည်တွင်းရေးမှာ မီးရှို့သူလက်မည်းနဲ့ ရန် - ငါပြတ် ရမယ့်သူက ဘယ်သူလဲ၊ လောင်နေတဲ့မီး ငြှိမ်းပေး မယ့် မိတ်ဆွေစစ်က ဘယ်သူဖြစ်မလဲ၊ အနီးစပ်ဆုံး သုံးသပ်ဆက်စပ် ခွဲခြမ်း စိတ်ဖြာပြီး အဆိုးထဲက အကောင်းကို အဖြေရှာနိုင်ဖို့က အဓိကကျလာပါပြီ။ ထို့အတွက် ကျွန်တော်တို့အားလုံးမှာ ညီညွတ်မှု မျိုးချစ်စိတ်နဲ့ ပညာဉာဏ်များကြီးမားဖို့ရာ ယခုလိုအချိန် မှာပိုလို့ပိုလို့သာအရေးကြီးနေပါတော့တယ်။