နယူးဒေလီ၊ စက်တင်ဘာ ၂

 

အိန္ဒိယနိုင်ငံတောင်ပိုင်း   ပြည်နယ်များဖြစ်သည့် တေလန်ဂါနာနှင့် အန်ဒရာပရာဒက်ရှ်ပြည်နယ်တို့တွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူပေါင်း ၂၇ ဦးအထိရှိလာကြောင်း တနင်္လာနေ့တွင် တာဝန်ရှိသူများကပြောသည်။

 

ရေလွှမ်းမှုများဖြစ်ပေါ်

 

အဆိုပါမိုးသည် စနေနေ့မှစတင်ကာ တနင်္ဂနွေနေ့အထိ အဆက်မပြတ် သည်းထန်စွာရွာသွန်းခဲ့သောကြောင့် ဒေသအများအပြားတွင် ရေကြီးရေလျှံမှုများနှင့် ရေလွှမ်းမှုများဖြစ်ပေါ်စေခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် တေလန်ဂါနာပြည်နယ်တွင် ၁၅ ဦးနှင့်  အန်ဒရာပရာဒက်ရှ်ပြည်နယ်တွင် ၁၂ ဦးထက်မနည်း သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ပြည်နယ်နှစ်ခုလုံးရှိ ပြည်နယ်ဘေးအန္တရာယ်တုံ့ပြန်ရေး တပ်ဖွဲ့နှင့် အမျိုးသားဘေးအန္တရာယ် တုံ့ပြန်ရေး တပ်ဖွဲ့တို့မှ ကယ်ဆယ်ရေးသမားများသည် ရေဘေးသင့်ဒေသများမှ ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခြင်းနှင့် ကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်ခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

 

ဒေသအများအပြားတွင် ရေကြီးရေလျှံမှုနှင့် ရေလွှမ်းမှုများ ဖြစ်ပေါ်နေသည့်အတွက် တောင်ပိုင်း ဗဟိုမီးရထားကွန်ရက်သည် ရထားအစင်း ၁၀၀ ကျော်ကို ဖျက်သိမ်းခြင်းနှင့် အခြားအများအပြားကိုလည်း လမ်းကြောင်းပြောင်းခြင်းများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

 

ဆင်ဟွာ