မြိတ် စက်တင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြသင်တန်းကို ယနေ့နံနက်ပိုင်းက မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ဦးစွာ မြိတ်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် သင်တန်းအထောက်အကူပြု အသုံးစရိတ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပေးအပ်ရာ ခရိုင်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးက လက်ခံရယူသည်။
သင်တန်းတွင် သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာနှင့် ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးအစီအမံများ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်၊ စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့် တာဝန်များ၊ ဥပဒေပြဌာန်းချက်များ၊ စာရင်းကောက်ကွက်နှင့် စာရင်းစစ်မြေပုံများ၊ အိမ်အကြောင်းအရာမေးခွန်းများ၊ လူဦးရေဆိုင်ရာ အချက်အလက် မေးခွန်းများ၊ သင်တန်းနည်းပြများအတွက် လမ်းညွှန်ချက်နှင့် မှတ်သားထားရမည့် အချက်များ၊ အဖွဲ့အစည်းများအား စာရင်းကောက်ယူခြင်း စသည့် သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး လက်တွေ့ကွင်းဆင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို စက်တင်ဘာ(၃)ရက်မှ (၁၄)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ခရိုင်အဆင့် နည်းပြသင်တန်းသို့ မြို့နယ်များမှ သင်တန်းသား(၃၀) တက်ရောက်ကြသည်။ မြိတ်ခရိုင်၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်များအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအလိုက် သန်းခေါင်စာရင်းကောက်ကွက်များတွင် စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်းကောက်ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)


