နေပြည်တော် စက်တင်ဘာ ၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် မကွေးတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြို့သစ်မြို့နယ်ရှိ အောင်နိုင်သူ ဝါကြိတ်စက်သို့ရောက်ရှိပြီး ဝါဖန်စက်များဖြင့် ဝါဂွမ်းအထုပ်များ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စဉ်ဆေးစဉ် ဝါဖန်စက်များမှ ဝါဂွမ်းအထုပ်များ ထုတ်လုပ်ရောင်းချမှုအဆင့်မှ ချည်ဖြစ်သည်အထိ လိုအပ်သော နည်းပညာ၊ စက်ပစ္စည်းများကိုပံ့ပိုးပြီး Value Added အဖြစ် အဆင့်ဆင့်ထုတ်လုပ်နိုင်ရန်၊ ထုတ်လုပ်ပြီး ဝါဂွမ်းချည်များ ဈေးကွက် သေချာစွာရရှိရေး ချိတ်ဆက်ဆောင်ရွက်ရန်၊ ဝါစိုက် ဧကနှင့် ကုန်ကြမ်းရရှိမှုအပေါ်မူတည်၍ ဝါဖန်စက်များ ထပ်မံလိုအပ်မှုရှိ၊ မရှိ တင်ပြပေးသွားရန်နှင့် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာရှိ အခြေခံပညာစိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း၌ မြေပြင်သာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား တောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများရရှိရေး စိတ်တူကိုယ်တူ ဆန္ဒတူသူများဖြင့် သမဝါယမ အသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ သမဝါယမအသင်းရန်ပုံငွေ၊ သွင်းအားစုလုပ်ငန်းရှင်များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ဝါစိုက်တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းသား ဝါစိုက်တောင်သူ (၅၇)ဦး၏ ဝါစိုက် ဧက(၁၀၄)ဧကအတွက် မျိုးနှင့် သွင်းအားစုဓါတ်မြေဩဇာများကို အသင်းသားတောင်သူများ ထံလည်းကောင်း၊ မြေပြင်သာကျေးရွာ၌ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ပြည်သူထည့်ဝင်ငွေနှင့် ပူးပေါင်း ဆောင်ရွက်ရန်အတွက် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၅၀)ကို ကျေးရွာကော်မတီဝင်များထံလည်းကောင်း လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသင်းသားတောင်သူ ငါးဦး၏ စိုက်ဧက (၁၅)ဧကတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေးဆောင်ရွက်ထားရှိမှုနှင့် ဝါစိုက်ပျိုးထားရှိမှု အခြေအနေများကို လည်းကောင်း၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော ကျေးရွာသုံးရွာ အိမ်ခြေ ၁၀၇၆ အိမ်၊ လူဦးရေ ၅၇၀၀ ကျော်ကို အကျိုးပြုပေးနိုင်မည့် နေပြည်တော်-မြို့သစ်-ကံပြား ကားလမ်းမကြီးမှ လေးတိုင်းစင်ကျေးရွာဆက်သွယ်သောလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် မင်းဘူးမြို့ရှိ ရတနာဖြိုး ဝါစက်၊ ဆီစက်၌ ဝါဖန်စက်များဖြင့် ဝါဂွမ်းအထုပ် များထုတ်လုပ်နေမှုကို လည်းကောင်း၊ ဝါစေ့မှ ဝါစေ့ဆီကြိတ်ခွဲ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ရုံး သစ် တည်ဆောက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော စပါး၊ ဆီထွက်သီးနှံ စီမံကိန်းများ၊ ဝါစိုက်ပျိုးထုတ်လုပ်မှု အခြေအနေ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ ဝါနှင့်နေကြာ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေးဆိုင်ရာကိစ္စများကို ညှိနှိုင်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(မကွေး)၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် လည်းကောင်း တွေ့ဆုံအမှာစကား ပြောကြားကာ ဆရာ၊ ဆရာ မများ၊ ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်၍ သင်တန်းကျောင်းခန်း မဆောင်နှင့် ထမင်းစားဆောင် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


