နေပြည်တော် စက်တင်ဘာ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များအား တောင်ကြီးမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပိုးရယ် အောင်သိန်း၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမျိုးသန့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြ
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိမှုနှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မှု၊ မွေးမြူ ရေးဇုန်များအလိုက် လုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ရှမ်းပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ပညာရေး၊ ကျန်းမာ ရေးကဏ္ဍ မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဒေသနေပြည်သူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရေးအတွက် အားကစားရုံများ၊ လေ့ကျင့်ရေးကွင်းများ အဆင့်မြှင့်တင် တည်ဆောက်ပေးထားမှုနှင့် အားကစားပွဲများကျင်းပလျက်ရှိမှု၊ စာကြည့်တိုက်များ ဖွင့်လှစ် ထားရှိမှုနှင့် တိုးချဲ့ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိမှု၊ ရှမ်းပြည်နယ်အတွင်းရှိ အချို့ဒေသများ၌ အကြမ်းဖက် သမားများ၏လုပ်ရပ်များကြောင့် ၎င်းတို့၏ နေရပ်အသီးသီးမှ ဘေးလွတ်ရာနေရာများသို့ ယာယီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများအား ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ်မှု ယခုထက်လျင်မြန်ချောမွေ့စေရေးအတွက် လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို တင်ပြသည်။
တင်ပြချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး
ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြည်သူလူထုကိုအခြေပြုသည့် ပြည်သူ့လုံခြုံရေးစနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး၊ တရားဥပဒေနှင့်အညီဖြစ်စေရေး အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အဆင့်ဆင့်ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်မှု၊ မိမိတို့ တာဝန်ယူရသည့်ဒေသများတွင် အွန်လိုင်းလောင်း ကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ ပပျောက်စေရေးအတွက် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ရန်လိုအပ်မှု၊ လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားရှိရန် လိုအပ်မှုများကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နယ်စပ်ဒေသဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေး နှစ်အလိုက် လုပ်ငန်းများချမှတ် ဆောင်ရွက်ပေးလျက်ရှိမှု၊ ရှမ်းပြည်နယ်နှင့် ရှမ်း ပြည်နယ်အတွင်းရှိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် လမ်းတံတားများနှင့် အဆောက်အဦများ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ရေရရှိရေး လုပ်ငန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ်များပျက်စီးခဲ့ရသည့် ပြည်သူများအတွက် နေအိမ်များ ဆောက်လုပ်နိုင်ရန် ကူညီဆောင်ရွက်ပေး လျက်ရှိမှု၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးရေးတက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုတို့ကို လည်းကောင်း၊ ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြည်သူလူထုများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ပေးနိုင်ရေး ဆေးရုံ၊ ဆေးခန်းများအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိမှု၊ ဆေးရုံတိုင်းတွင် ဆရာဝန်ရှိရမည်ဟူသည့် မူဝါဒနှင့်အညီ ဆောင်ရွက်လျက်ရှိမှု၊ အခြေခံဆေးဝါးများ လုံလောက်စွာ ရရှိ ရေးဆောင်ရွက်ပေးလျက်ရှိမှု၊ ပြည်သူ့ကျန်းမာရေးအတွက် ကုသရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆောင်ရွက်ပေးလျက်ရှိမှုများကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ရှမ်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှုများ ပိုမိုတိုးတက်စေ ရေး လမ်းများအဆင့်မြှင့်တင်ခြင်း ကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်လျက်ရှိမှု၊ ရာသီဥတုကြောင့် ပျက်စီးခဲ့ရသည့် လမ်းနှင့် တံတားနေရာ များကို ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှုနှင့် တံတားအသစ်များ တည်ဆောက်လျက်ရှိမှုများကို လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိမှု၊ စိုက်ပျိုးရေးထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးနေမှု၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူများနှင့် အပြန်အလှန်နှီးနှောဖလှယ်၍ တောင်သူများ၏ အခက်အခဲများကို ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်မျိုးကောင်းမျိုးသန့်များ ရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှုနှင့် မွေးမြူရေးအစာများ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို ပြန်လည်ဆွေးနွေးပြောကြားကြသည်။
နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် လုံခြုံရေးပိုင်းဆိုင်ရာများကို ရှင်းလင်းပြောကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုး တိုးတက်မှုများကို ဆောင်ရွက်ရာ၌ လိုအပ်သည်များကို ဆွေးနွေးပြောကြား နိုင်ရန်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် လုံခြုံရေးပိုင်းဆိုင်ရာများကို ဦးစွာပြောကြားလိုကြောင်း ပြောကြားပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုနှင့် အဆိုပါမဲမသမာမှုများကို တာဝန် ရှိသူများက ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့မှု၊ နိုင်ငံတော်တွင်ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှု၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ကို နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးကို ဖော်ဆောင်ပေးနိုင်မည့် စစ်ဘက်၊ အရပ်ဘက်မှ ပုဂ္ဂိုလ်များကို ရွေးချယ်၍ ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့မှု၊ စတင်တာဝန် ထမ်းဆောင်ခဲ့စဉ် ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ် ခဲ့ရသည့် အကျပ်အတည်းများနှင့် နိုင်ငံရေးအမြတ် ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့်အကြမ်းဖက်မှု ဖြစ်စဉ်ဖြစ်ရပ် များကို ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့မှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက် ၍ နိုင်ငံတော်နှင့်တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် ထိန်းထိန်းသိမ်းသိမ်းဖြင့်သာ ဖြေရှင်း ဆောင်ရွက်ခဲ့မှု၊ အချို့သော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတော်တွင် နိုင်ငံရေးအရ အကျပ်အတည်းများ ဖြစ်ပေါ်နေမှုကို အခွင့်ကောင်းရယူ၍ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို ကြုံတွေ့လာခဲ့ရမှု၊ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများအနေဖြင့် နေရပ်ဒေသများနှင့် နေအိမ်စည်းစိမ်များကို စွန့်ခွာပြီး အခြားဘေးလွတ်ရာဒေသများတွင် ယာယီသွားရောက်ခိုလှုံနေကြရမှု၊ လက်ရှိအချိန်တွင် အဆိုပါ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူ လူထုတို့ကို လူသားတံတိုင်း အဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်း အဓမ္မလူသစ် စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိမှု၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါလက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့်အခြေအနေ အရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက် နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေ ဖြင့် ၎င်းတို့၏အသုံးချမှုမခံရစေရေးနှင့် ဘေးကင်း လုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်မှု၊ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုများ အမြန်ဆုံးပြန်လည်ရရှိရေးအတွက် စည်းလုံးသောအင်အားဖြင့် ကြိုးပမ်း ဆောင်ရွက် လျက်ရှိမှုအခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
နိုင်ငံ့စီးပွားကောင်းမွန်ရေးအတွက် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများကို အားပေးရမည်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားရာတွင် စီးပွားရေးနှင့်ပတ်သက်၍ စီးပွားရေးသည် နိုင်ငံရေးနှင့် ဆက်စပ်လျက်ရှိပြီး စီးပွားရေး ကောင်းမွန်မှသာလျှင် နိုင်ငံရေးလည်း ကောင်းမွန်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ခေတ်အဆက်ဆက်တွင် ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားနည်းခဲ့ပြီး ပြည်ပပို့ကုန်နှင့် ပြည်ပသွင်းကုန်များတွင် ပြည်ပသွင်းကုန်များ ပိုမိုများပြားခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည်ပမှတင်သွင်းရမှုများ များပြား ခဲ့သဖြင့် နိုင်ငံခြားငွေလိုအပ်ချက်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခင်က ပြည်ပမှရရှိခဲ့သည့် ဝင်ငွေများကို ပြန်လည်စိစစ်ခဲ့ရာတွင် ချေးငွေများ၊ ထောက်ပံ့ငွေ များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြစ်သည်ကို တွေ့ရှိ ရကြောင်း၊ ပြည်ပမှ ဝင်ငွေများရရှိရန်အတွက် နိုင်ငံတွင်းရှိ သယံဇာတများ ထုတ်ယူရောင်းချခြင်းနှင့် ကုန်သွယ်မှုရရှိငွေများဖြင့် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ မိမိတို့ အစိုးရတာဝန်ယူ ဆောင်ရွက်ချိန်တွင် သယံဇာတပစ္စည်းများ တတ်နိုင်သမျှတင်ပို့ခြင်းမရှိခဲ့ဘဲ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှထွက်ရှိသည့် ထွက်ကုန်များကို အဓိက ပိုမိုတင်ပို့ခဲ့ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် စက်သုံးဆီနှင့် စားသုံးဆီ များကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေများကို များစွာသုံးစွဲကုန်ကျရလျက်ရှိကြောင်း၊ စားသုံးဆီနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် ဆီထွက်သီးနှံစိုက်ပျိုးသည့် နိုင်ငံဖြစ်ပြီး မြေပဲနှင့် နှမ်းကို အဓိကစိုက်ပျိုးကြပြီး အခြားဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း၊ သို့သော်လည်း ဆီထွက် သီးနှံများကို ဆီအဖြစ် ထုတ်ယူသုံးစွဲခြင်းထက် ပို့ကုန်များအဖြစ် တင်ပို့ခြင်းနှင့် တိုက်ရိုက် စားကုန်များအဖြစ် စားသုံးခြင်းများကြောင့် ဒေသတွင်း စားသုံးဆီလိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ပြည်တွင်း၌ ဆီထွက်သီးနှံများကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး စားသုံးဆီအဖြစ် ကြိတ်ခွဲဆောင်ရွက်မည်ဆိုပါက ပြည်တွင်းစားသုံးဆီ လုံလောက်မှု ရှိနိုင်မည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံသည့်ထုတ်ကုန် ပစ္စည်းများ၊ ပို့ကုန်ပစ္စည်းများ တိုးမြှင့်ရရှိရေး ဆောင်ရွက်ရာတွင် အခြား ပြည်ပနိုင်ငံများမှ ဆောင်ရွက်နေသည့် ခေတ်မီနည်းစနစ်များနှင့် လုပ်ငန်းဆောင်ရွက်မှုများကိုလည်း အတုယူဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရေခံမြေခံကောင်းများ၊ အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ရှိ သည့် ပြည်ပနိုင်ငံများတင်ပို့နိုင်မည့် ပထဝီဝင်မြေအနေအထားကို ပိုင်ဆိုင်ထားရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်မှသာလျှင် နိုင်ငံ့စီးပွားရေး ကောင်းမွန် လာမည်ဖြစ်ပြီး ကုန်ဈေးနှုန်းများ ပြန်လည်ကျဆင်းသွားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ကုန်ထုတ်လုပ်မှုများ မြှင့်တင်ပေးရန်လိုပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ပိုမိုတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် တောင်သူများအနေဖြင့် ဝင်ငွေများ ပိုမို တိုးတက်လာမည်ဖြစ်ကြောင်း၊ အလားတူ ရှမ်းပြည်နယ်ဒေသအတွင်း သစ်ဝါးများ ပေါများစွာ ရှိကြောင်း၊ ထို့ကြောင့် သစ်တောထွက်ပစ္စည်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် နိုင်သည့်အခွင့်အလမ်းများရှိပြီး သစ်နှင့်ဝါးကို အခြေခံသည့် ပျော့ဖတ်များ၊ တန်ဖိုးမြှင့်ပစ္စည်းများကို ထုတ်လုပ်နိုင် ကြောင်း၊ တစ်ဖက်တွင်လည်း သစ်တောပြုန်းတီးမှုများကို ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ အခြားတွင်း ထွက်ပစ္စည်းများဖြစ်သည့် ကျောက်မီးသွေးထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများ ကိုလည်း ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ ပိုင်ဆိုင်ထားကြောင်း။
ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးရေး
ထိုကဲ့သို့ ပြည်တွင်းကုန်ထုတ်လုပ်မှုများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ဒေသအတွင်း ပညာတတ် လူသားအရင်းအမြစ်များ ပေါကြွယ်ဝရန်လည်းလိုသဖြင့် ပညာရေးကိုအားပေးဆောင်ရွက်ရန် လိုကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ အချို့ကျောင်းများ၊ တက္ကသိုလ်များနှင့် ကောလိပ်များ သည် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများ ကြောင့် ပိတ်ထားရကြောင်း၊ ကျောင်းနေအရွယ် ကလေးငယ်အားလုံး အနည်းဆုံး KG + 9 အဆင့်အထိ တက်ရောက်အောင်မြင်ရန်လိုကြောင်း၊ အခြေခံပညာ အလယ်တန်းအဆင့်အထိ သင်ယူပြီးပါက ဘဝ တိုးတက်ရေးအတွက် လိုအပ်သည့်အတတ်ပညာများကို ဆက်လက်သင်ယူနိုင်မည်ဖြစ်ကြောင်း၊ တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးသည့် ကျောင်းသား ကျောင်းသူများအားလုံးကိုလည်း အဆင့်မြင့်ပညာ ဆက်လက် သင်ယူနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာတတ်များဖြစ်မှသာ ၎င်းတို့၏ အနာဂတ် တိုးတက် ကောင်းမွန်မည်ဖြစ်သကဲ့သို့ အတွေးအခေါ်များ ကောင်းမွန်လာပြီး စဉ်းစားဆင်ခြင်တုံတရားများလည်း မြင့်မား လာမည်ဖြစ်ကြောင်း၊ ယခင်က အတန်းပညာအားနည်းခဲ့သူများ ဗဟုသုတနှင့် အသိပညာများ ရရှိနိုင်ရေးအတွက် လည်း နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များကို တိုးချဲ့ဖွင့်လှစ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ပညာမြင့်မားရေးသည် နိုင်ငံတိုးတက်ရေးပင်ဖြစ်သဖြင့် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ထို့ပြင် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်တည်ဆောက်ကြမည့် အနာဂတ် လူသားအရင်းအမြစ် များအနေဖြင့် စည်းကမ်းစနစ်တကျရှိသည့် လူငယ်များဖြစ်ရန်လည်းလိုကြောင်း၊ “အမျိုးသားစည်းကမ်း အစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း ကျောင်းသား ကျောင်းသူများအနေဖြင့် ဆရာ ဆရာမ များ၏ သွန်သင်ဆုံးမမှုများကို ဦးစွာခံယူခဲ့ ရသူများ ဖြစ်ကြောင်း၊ ငယ်စဉ်က အတန်းပြီးဆုံးအောင် တက်ရောက်ခဲ့ကြသူများမှာ စည်းကမ်းစနစ်တကျဖြင့် နေထိုင်တတ်သူများဖြစ်သကဲ့သို့ ပညာကိုလည်း တတ်မြောက်အောင်မြင်နိုင်ကြသူများဖြစ်ကြောင်း၊ ဥပဒေ၏ အခြေခံမှာ စည်းကမ်းပင်ဖြစ်ပြီး အခြေခံဥပဒေဆိုင်ရာ အသိအမြင်များရရှိစေရေး ပညာပေးမှုများနှင့် ထိန်းကျောင်း မှုများကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာ တွင် စည်းကမ်းစနစ်ကျနသည့် လူအဖွဲ့အစည်း၊ အသိုက်အဝန်းကိုပုံဖော်ပေးရန်လိုပြီး ဥပဒေကို လူတိုင်းသိရှိလိုက်နာ ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဥပဒေပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ သိရှိနားလည်နိုင်ရေး တက္ကသိုလ်များတွင် ဥပဒေပညာရပ်များကို သင်ကြားပေးလျက် ရှိကြောင်း၊ KG+ 11 နှင့် KG+12 တို့ရှိ ကျောင်းသား၊ ကျောင်းသူများကိုလည်း ဥပဒေဆိုင်ရာအခြေခံများကိုသိရှိနိုင်ရေး ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များကို သင်ကြားပို့ချပေးသွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အနာဂတ်နိုင်ငံတော် အတွက် များစွာအကျိုးဖြစ်ထွန်းမည်ဟု ယုံကြည်ကြောင်း။
ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍လည်း ဆေးရုံများအဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်ဟူသည့် မူဝါဒနှင့်အညီ ဆေးရုံများအားလုံးတွင် ဆရာဝန်များရှိစေရေး ဆောင်ရွက် ပေးထားကြောင်း၊ ဆေးရုံသုံးပစ္စည်းများ လုံလောက်စွာရရှိရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှပညာသင်ကြားနိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးနှင့် ပတ်သက်၍ ဂရုစိုက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကျန်းမာရေးနှင့် ဆက်စပ်၍ အားကစားကဏ္ဍ တိုးတက်မှုရှိစေရေးအတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
ပြည်သူ့လုံခြုံရေး
လုံခြုံရေးနှင့်ပတ်သက်၍ ဒေသအတွက် ကောင်းရာကောင်းကျိုးဆောင်ရွက်မည့်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဆင့်ဆင့် သတင်းပေးသည့်စနစ်ကို ဖော်ဆောင်ခြင်းအားဖြင့် ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများ တစ်ဦးချင်းနှင့်သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများ လုံခြုံရေး အသိတရားဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက လုံခြုံရေးအတွက် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံကောင်းအောင်ဆောင်ရွက် ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း များအနေဖြင့် မိမိတို့ကိုပေးအပ်ထားသည့် တာဝန်များထမ်းဆောင်ရာတွင် ချမှတ်ထားသည့်ကျင့်ဝတ်၊ စည်းကမ်းများ ကိုလိုက်နာပြီး နိုင်ငံတော်အပေါ်သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ရန်လိုကြောင်း၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသများမှတစ်ဆင့် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြ သည်။
ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို
ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့် စေတီ တော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုရာ ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ပြီး စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော် ကြည်ညိုကြ သည်။
ထို့နောက် စေတီတော်မြတ်ကြီးပေါ်ရှိ ရှုခင်းသာ View Point မှ တစ်ဆင့် တောင်ကြီးမြို့၏ ရှုခင်းများ ကိုကြည့်ရှုကာ တောင်ကြီးမြို့ရှိ သဘာဝအရင်းအမြစ်များ မပျောက်ပျက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှု ရှိအောင် ထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကိုပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


