နေပြည်တော်    စက်တင်ဘာ    ၃

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည်    ကာကွယ်ရေးဦးစီးချုပ်(ရေ)   ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်   တာဝန်ရှိသူများလိုက်ပါ၍  ယနေ့နံနက်ပိုင်းတွင်  အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်နယ်မြေအတွင်း  နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက် ထားရှိမှုများကို  စစ်ဆေးသည်။

 

ဦးစွာ   အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်    အစည်း အဝေးခန်းမတွင်  တိုင်းမှူး  ဗိုလ်ချုပ်  ဇော်မင်းလတ် က      အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်    နယ်မြေအတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေ လုံခြုံရေးနှင့်  လမ်းတံတားများ  လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ KNPP ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွိုင်ကော်မြို့နှင့်   အခြားမြို့ များအား   ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ နယ်မြေလုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်စဉ် PDF အမည်ခံအကြမ်းဖက်သမားများထံမှ   လက်နက်ခဲယမ်းများ   သိမ်းဆည်း ရမိမှုနှင့်  PDF   များ အမည်ခံ အကြမ်ဖက်သမားများ   အလင်းဝင်ရောက်လာမှု၊ တရားမဝင် သစ်များ ဖမ်းဆီးရမိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

နိုင်ငံတော်၊ တပ်မတော်နှင့်လက်တွဲ

ရှင်းလင်းတင်ပြမှုများအပေါ်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံရေးအတွက် နယ်မြေတည်ငြိမ်အေး ချမ်းရေးလုပ်ငန်းများကို  စနစ်တကျဆောင်ရွက်နေရန် လိုကြောင်း၊       နယ်မြေတည်ငြိမ်အေးချမ်း ရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုံခြုံရေးနှင့်ပတ်သက်သည့်သတင်းများ စဉ်ဆက်မပြတ်ရရှိအောင် သတင်းရယူတည်ဆောက်ပြီး ဆောင်ရွက်သွားရန်လိုကြောင်း၊   အများ ပြည်သူများ  သွားလာလျက်ရှိသည့် လမ်းတံတားများ ထိခိုက်ပျက်စီးမှုများ မရှိအောင် ဆောင်ရွက် နေရန်လိုကြောင်း၊ အလားတူ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး   လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအနေဖြင့်   ယခင်ကတည်းကပင် ငြိမ်းချမ်း ရေးရယူခဲ့ပြီး     ဒေသတည်ငြိမ်အေးချမ်းမှုများကို   နိုင်ငံတော်၊    တပ်မတော်နှင့်လက်တွဲ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ဒေသများ အတွင်း၌လည်း အကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားမှုများကြောင့်   နယ်မြေမငြိမ်မသက်မှုများ မဖြစ်စေရေး       ဆောင်ရွက်သွား ရန်လိုကြောင်း၊ အကြမ်းဖက်မှုများကိုကျူးလွန်လျက်ရှိသည့် MNDAA လက်နက်ကိုင်သောင်း ကျန်းသူအဖွဲ့၊ TNLA လက်နက် ကိုင်သောင်းကျန်းသူအဖွဲ့နှင့်   AA   လက်နက်ကိုင် အဖွဲ့တို့အား စက်တင်ဘာ ၂ ရက်တွင် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့နှင့်ဆက်နွှယ်နေသူများအနေဖြင့်လည်း အကြမ်းဖက်မှုများကို အားပေး နေကြသူများပင် ဖြစ်ကြောင်း။

 

ပြည်သူများနှင့်      ထိတွေ့ဆက်ဆံနေရသည့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်လည်း ပြည်သူ့လုံခြုံရေးကိုဆောင်ရွက်ရာတွင် ပြည်သူများအတွက် ကောင်းမွန်သော ပြည်သူ့ရေးရာ ဝန်ဆောင်မှုဖြစ်စေရန်နှင့်ပြည်သူကို ဝန်ထုပ် ဝန်ပိုးမဖြစ်အောင် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊    လူဦးရေနှင့်   အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင်    အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးပိုင်းဆိုင်ရာများတွင် ဝိုင်းဝန်းဆောင်ရွက် သွားရန်လိုကြောင်းနှင့် အခြားနယ်မြေဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်တို့လိုက်ပါ၍ အောင်ပန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာ ရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံ တွေ့ဆုံ၍   ရင်းနှီးနွေးထွေးစွာ မေးမြန်းအားပေးစကားပြောကြားပြီး အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်  ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြု ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 

က်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံအတွင်း မီတာ(၄၀၀)ပြေးလမ်းပါ ဘောလုံးကွင်းတည်ဆောက်ရန်    ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်