ရန်ကုန် စက်တင်ဘာ ၂
မြန်မာနိုင်ငံ၏ အပူပိုင်းဒေသတွင် အိုအေစစ်သဖွယ် စိမ်းစိုလှပလျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်အနီး၌ တည်ရှိသော ပုပ္ပားတောင်အမျိုးသားဥယျာဉ်တွင် နှစ်ပေါင်း ၃၂၀,၀၀၀ ခန့်က ခန့်ကမီးတောင်ဟောင်း၏ သဘာဝတွင်းထွက်ကျောက်များနှင့် အိုအေစစ်သဖွယ် တောတောင်စိမ့်စမ်း အလှတို့ဖြင့် ခရီးသွားများ အပန်းဖြေလည်ပတ်နိုင်ရန် ဆွဲဆောင်လျက်ရှိသည်။
ပုပ္ပားတောင်နှင့် ပုပ္ပားတောင် အမျိုးသားဥယျာဉ်သည် ရာသီအလိုက် တောတောင်ရှုခင်းတို့ဖြင့် လှပနေလေ့ရှိပြီး မိုးရာသီ၌ အင်တိုင်းတော၊ သန်းဒဟတ်တောအတွင်း ပရဆေးဘက်ဝင်အပင်မျိုးစိတ်များ၊ စန္ဒကူးသစ်မျိုးများ၊ ရှားပါးမျိုးစိတ်စာရင်းဝင် ရွှေသမင်နှင့် မျက်ကွင်းဖြူမျောက်မျိုးစိတ်များနှင့် ငှက်မျိုးစုံတို့ကို တောင်ပေါ်လေ့လာရေး ခရီးစဉ်နှင့်အတူ လေ့လာကြည့်ရှုနိုင်မည်ဖြစ်သည်။
ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်ကို ၂၀၂၄ ခုနှစ်၊ မတ် ၂၀ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဘူမိဥယျာဉ် (Geopark)သည် ဘူမိအမွေအနှစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရေမြေတောတောင် သဘာဝအလှတို့ကို စနစ်တကျ ထိန်းသိမ်းကာကွယ်ထားရာ ပညာပေးရေး၊ သုတေသနဖွံ့ဖြိုးရေးတို့အတွက် စနစ်တကျ စီမံအုပ်ချုပ်ထားသည့် နိုင်ငံအဆင့် အရေးပါသော ဘူမိဥယျာဉ် တစ်ခုဖြစ်သည်။ နိုင်ငံတော်၏ ရေရှည်မျှော်မှန်းချက်တွင် နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယနေ့အချိန်ထိ သဘာဝထိန်းသိမ်းရေးနယ်မြေ ၅၉ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်းကို ဖွဲ့စည်းသတ်မှတ်ပြီးဖြစ်ရာ အမျိုးသားဆင့် ဘူမိဥယျာဉ်မှတစ်ဆင့် ကမ္ဘာ့အဆင့်ဘူမိ ဥယျာဉ်အဖြစ် သတ်မှတ်ခံရရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်တွင် ဘူမိနယ်မြေ ၁၅ ဖြင့် ဖွဲ့စည်းထားပြီး အဆိုပါဘူမိဥယျာဉ်သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော အမျိုးသားအဆင့် ဘူမိဥယျာဉ်တစ်ခုလည်းဖြစ်သည်။
“အပူပိုင်းဇုန်အတွင်းမှာ အေးမြတဲ့တောတောင်တွေနဲ့ ရှေးကျတဲ့ဘူမိရုပ်သွင်တွေ တည်ရှိတဲ့ ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်က ခရီးသွားတွေကို နွေးထွေးစွာကြိုဆိုနေပါတယ်။ ဇီဝမျိုးစုံမျိုးကွဲတွေ ရှင်သန်နေတဲ့အပြင် ရှားပါးတောရိုင်းတိရစ္ဆာန်တွေလည်း ရှိနေပါတယ်။ ရှေးနှစ်ပေါင်းများစွာက မီးတောင်ဟောင်း သဘာဝတွင်းထွက်ကျောက်တွေကို လေ့လာနိုင်တဲ့အပြင် တောတောင်သဘာဝရှုခင်းအလှ၊ ကျေးလက်အလှနဲ့ ဒေသထွက်ကုန်ပေါများတဲ့ ခရီးသွားဒေသတစ်ခုဖြစ်တာကြောင့် လာရောက်လည်ပတ်သူအားလုံး စိတ်အေးချမ်းပျော်ရွှင်မှုကို ရရှိစေမှာပါ။ ရှေးဟောင်းယဉ်ကျေးမှုဒေသပုဂံကို သွားရောက်လည်ပတ်ရာမှာ ခရီးတစ်ထောက် နားခိုလည်ပတ်နိုင်တဲ့ ခရီးသင့်တဲ့လမ်းကြောင်းပေါ်မှာ တည်ရှိတာကြောင့် လေ့လာအပန်းဖြေဖို့အဆင်ပြေစေပြီး ဘူမိနယ်မြေ ၁၅ နေရာကို တစ်ဝကြီး လေ့လာကြည့်ရှုနိုင်အောင် အားလုံးပြင်ဆင်ပေးထားပါတယ်”ဟု ပုပ္ပားတောင် ဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်အတွင်းရှိ ဘူမိနယ်မြေ (Geosite) များဖြစ်သော ပုပ္ပားတောင်ထိပ်၊ မီးတောင်ပြာကျောက်နှင့် ဧရာဝတီသဲကျောက်လွှာ၊ ဧရာဝတီကျောက်လွှာစု၊ တောင်နီတောင်ချယ်ဆီဒိုနီနှင့် မြေစေးတွင်းထွက်၊ ပရဆေးဥယျာဉ်နှင့် ပညာပေးပြခန်း၊ စန္ဒကူးတောနှင့် မြန်မာ့ရွှေသမင်ခြံ၊ ငှက်သိုက်ချောက်ကမ်းပါး၊ ကုန်းပြင်မြင့် ချော်လွှာရှုခင်းသာ၊ ဗဆော့ဆန်သော ချော်ရည်စီးကြောင်းနေရာ၊ တောင်ပေါ်ရွာ(တောင်) ရှုခင်းသာ၊ ပုပ္ပားတောင်ကလပ် အင်ကြင်း ကျောက်၊ တောင်နားတောင်ရှုခင်းသာ၊ ပုပ္ပားတောင်မကြီး မီးတောင်ဝနှင့် ဂဲမိုးအိုင် လေ့လာရေးနေရာများသို့ စိတ်လက်ပေါ့ပါးစွာ လာရောက်အပန်းဖြေ ကြည့်ရှုလေ့လာနိုင် မည်ဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ- ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်
ညိမ်းသူ(သတင်းစဉ်)


