ရန်ကုန် စက်တင်ဘာ ၄
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံရေးရာ၊ သင်တန်းရေးရာ၊ စာပေးစာယူဌာန ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ မော်ကွန်းထိန်း၊ အဆောင်မှူးများနှင့် ဆုရရှိသော ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများက အနန္တငါးဖြာသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကေသွယ်လှိုင်က အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် တာဝန်ရှိသူများက ဒေါ်ခင်ဆွေထွန်း ဖောင်ဒေးရှင်းနှင့် ဒေါ်နုနု ဖောင်ဒေးရှင်းတို့မှ ချီးမြှင့်သော မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့စာတမ်းဖတ်ပွဲတွင် အကောင်းဆုံးပါရဂူကျမ်း ဆု၊ အကောင်းဆုံး သုတေသနစာတမ်းဆုများနှင့် မလေးရှားနိုင်ငံ The 5th AsTEN Conference တွင် အကောင်းဆုံး စာတမ်းဆုရရှိသူ ဆရာ၊ ဆရာမများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရန်ကုန်ပညာရေးတက္ကသိုလ် သင်တန်း နှစ်အသီးသီးမှ ပညာချွန်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများ၊ ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းတွင်းအားကစားပြိုင်ပွဲများနှင့် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်


