နေပြည်တော် စက်တင်ဘာ ၄

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း(MOEAA)၏ အမှုဆောင် ကော်မတီအသစ်ကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း(MOEAA)မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ-၁၊ ဒုတိယဥက္ကဋ္ဌ-၂ ၊ အထွေထွေ အတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

ဉီးစွာပြည်ထောင်စုဝန်ကြီးက မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်း(MOEAA)၏ ၂၀၂၄-၂၀၂၅ (၂)နှစ်သက်တမ်းအတွက် အမှုဆောင် ကော်မတီဝင်များအနေဖြင့် အသင်း၏ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ချမှတ်ထားသည့် ဥပဒေ၊ ညွှန်ကြားချက်များ၊ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တိကျစွာ လိုက်နာပြီး ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင် ဦးဆောင်ပြီး စည်းရုံးကြရန် လိုအပ်ပါကြောင်း၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး လုပ်ငန်းများ အောင်မြင်လာ ရန်အတွက် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းကော်မတီများက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာပြည်ပအလုပ်အကိုင ်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း(MOEAA) အမှုဆောင်ကော်မတီများနှင့် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင်များ၏ ဆွေးနွေးတင်ပြမှုများကို ညွှန်ကြားရေးမှူးချုပ်နှင့် အမြဲတမ်းအတွင်းဝန်တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်း (MOEAA) နှင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် မိမိတို့နိုင်ငံသားများ၏ အကျိုးကိုရှေ့ရှုပြီး စေတနာထား ဆောင်ရွက်ပေးကြရန်၊ အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ထူးခြားဖြစ်စဉ်များကို ဦးစီးဌာနနှင့် ဝန်ကြီးဌာနသို့ အချိန်မီတင်ပြပေးကြရန်နှင့် ပြည်ပသို့ အလုပ်သမား စေလွှတ်ရေးလုပ်ငန်းစဉ်၊ မိသားစုလွှဲပို့ငွေများကို ဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒများနှင့်အညီ အောင်မြင်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်