နေပြည်တော် စက်တင်ဘာ ၄
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်နိုင်ငံတော်အတွက် အဓိကစွမ်းအား စုဖြစ်သည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များကို အားကစားကဏ္ဍအပါအဝင် ဘက်စုံ၊ ကဏ္ဍစုံတွင် နိုင်ငံ၏ သားကောင်း သမီးကောင်းများဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသည့် ၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များဘောလုံးပြိုင်ပွဲ၏ အုပ်စု(က) နောက်ဆုံးပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် ကွင်းအမှတ်(၃)တို့၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
ကွင်းအမှတ်(၁)တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသင်းက သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ ပြီး ကွင်းအမှတ်(၃)တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့် ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသင်းတို့ယှဉ်ပြိုင်ကစားကြရာ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင် ရရှိသွားသည်။
အဆိုပါ အသင်များ ယှဉ်ပြိုင်ကစားနေမှုကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့် စိုး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပြိုင်ပွဲ ကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်မိဘပြည်သူများ လာရောက်ကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


